DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၃,၇၀၀ ကျော်ထိ မြင့်တက်
DVB
·
November 14, 2024
ဂါဇာတွင် အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၃,၇၀၀ ကျော်ထိ မြင့်တက်
Donate to DVB

ဂါဇာမှာ အစ္စရေးတို့ ဆက်ပြီးတိုက်ခိုက်နေတဲ့အတွက် သေဆုံးတဲ့ ပါလက်စတိုင်းဦးရေဟာ ၄၃,၇၁၂ ယောက်အထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀၃,၂၅၈ ယောက်ရှိပြီလို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက နိုဝင်ဘာ ၁၃ ရက်မှာ ကြေညာပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် လူ ၄၇ ယောက် သေဆုံးပြီး ၁၈၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂါဇာတောင်ပိုင်း ခန်းယူးနစ်မြို့ အနောက်ဘက်က အယ်လ်မာဝါစီ ဧရိယာကို အစ္စရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်လို့ လူ ၁၄ ယောက် သေဆုံးပြီး ဒါဇင်ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဘိတ်ထ် လာဟီယာ၊ အယ်လ် နူဆေးရတ်နဲ့ ရာဖာ အပါအဝင် ဒေသတွေကို အစ္စရေးလေတပ်တွေက တိုက်ခိုက်ခဲ့လို့  လူသေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြောင်ဒေသမှာ ၂၀၂၅ ခုနှစ်ကုန်အထိ အနည်းဆုံး ဆက်ရှိနေဖို့ ပြင်ဆင်နေတယ်လို့ အစ္စရေးမီဒီယာ ဟာရက်ဇ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်မှာ ကင်းစခန်းအများအပြားကို တည်ဆောက်နေပြီး လမ်းချဲ့တာ၊ ဆက်သွယ်ရေး အင်တာနာတွေ တပ်ဆင်တာ၊ ရေနဲ့ လျှပ်စစ်ဓာတ်အား ပေးဝေတဲ့ စနစ်တွေ ချိတ်ဆက်တာ အပါအဝင် အဆောက်အအုံတွေ ဆောက်နေတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက ဂါဇာကမ်းမြောင်ဒေသမှာ ကာလရှည်ကြာ နေမယ်ဆိုတာ ပြင်ဆင်မွမ်းမံနေတာတွေက ညွှန်ပြနေတယ်လို့ ဟာရက်ဇ်က ပြောပါတယ်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပြီးကတည်းက ပဋိပက္ခ ပြီးဆုံးပြီးတာနဲ့ အစ္စရေးတပ်တွေက ဂါဇာကမ်းမြောင်တဝန်း လွတ်လွတ်လပ်လပ် သွားလာခွင့်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013