
ထိုင်းနိုင်ငံရဲ့ လော့ပ်ဘူရီ သမိုင်းဝင်မြို့မှာသောင်းကျန်းနေတဲ့ ထောင်နဲ့ချီတဲ့ မျောက်တွေကို သက်ဆိုင်ရာက ဖမ်းဆီးရှင်းလင်းလိုက်ပြီး အများပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကင်းစင်သွားပြီ ဖြစ်ပါတယ်။
ဒီမြို့မှာ မျောက်တွေ မြင်တွေ့ရတာက ဒေသခံတွေအတွက် ပုံမှန်မြင်ကွင်းဖြစ်ပြီး အကောင်ရေ တိုးတက်လာမှုကြောင့် ဖမ်းဆီးမှုတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါမဖြစ်ပွားခင်က ဒီနေရာမှာ ဒေသခံ ၅၈,၀၀၀ နေထိုင်ပြီး မျောက်ကောင်ရေ ၃,၀၀၀ ကို ပုံမှန်အစာကျွေးတာတွေ၊ နှစ်ပတ်လည် မျောက်စာကျွေးတာတွေ ပြုလုပ်လေ့ ရှိပါတယ်။
မျောက်မြို့တော်လို့ ခေါ်ဝေါ်တဲ့ ဒီနေရာဟာ ဘန်ကောက်ကနေ ၃ နာရီကြာ ကားစီးရင် ရောက်ပါတယ်။
လော့ပ်ဘူရီအနီးရှိ တောထဲမှာ နေထိုင်တဲ့ မျောက်တွေ မြို့ကို လာရောက်တာကို ကံကောင်းခြင်းတွေ ယူဆောင်လာတယ်လို့ ဒေသခံတွေက ယုံကြည်ထားပြီး မျောက်တွေဟာ မြို့ရဲ့သမိုင်းမှာလည်း အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အလယ် ကိုဗစ်လော့ဒေါင်းကာလ ပြီးဆုံးချိန် လူတွေက မျောက်တွေကို အစာမကျွေးတော့တဲ့အချိန် မျောက်တွေရဲ့ သောင်းကျန်းမှု စတင်ခဲ့တာဖြစ်ပါတယ်။
အဆောက်အဦပေါ်တွေ တက်တာ၊ အစားအသောက်တွေ ခိုးယူတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေ၊ မတော်တဆဖြစ်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီအကုန်မှာတော့ မျောက်တွေရဲ့ သောင်းကျန်းမှုကို တိုင်ကြားမှုတွေ ပေါ်ထွက်ခဲ့ပြီးနောက် အာဏာပိုင်တွေက မျောက်တွေကို လေးခွနဲ့ပစ်တာတွေ၊ ထောင်ဖမ်းတာတွေ ပြုလုပ်ပြီး ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အစိုးရရဲ့ မျောက်နှိမ်နင်းရေးကာလ ၅ လအကြာမှာ မျောက်ကောင်ရေ ၁,၆၀၀ ကို ဖမ်းဆီးနိုင်ခဲ့ကာ လော့ပ်ဘူရီမှာ မျောက်တွေ သောင်းကျန်းမှုကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။
တိရစ္ဆာန်အခွင့်အရေး တောင်းဆိုသူတွေကတော့ မျောက်တွေ သင်းကွပ်တာကို လက်ခံပေမဲ့ လှောင်အိမ်တွေထဲ ထည့်တာကိုတော့ ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။
ဒီဒေသမှာ မျောက်တွေရှိတာက ခရီးသွားတွေကို စွဲဆောင်နိုင်ပေမဲ့ မျောက်တွေကြောင့် ခရီးသွားတွေ စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
Source : Reuters










