
ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းလွန် ပင်လယ်ပြင်မှာ အသက်ဘေးကနေ ရုန်းကန် ကူးခတ် မောပန်းနွမ်းနယ်နေတဲ့ မျောက်တကောင်ကို ထိုင်းတံငါသည်တယောက်က တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အဆိုပါမျောက်ဟာ ဘေးကင်းရာ ကယ်တင်မခံရခင် ပင်လယ်အတွင်း ၅ ကီလိုမီတာကျော်အထိ ရေကူးခဲ့ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကယ်ဆယ်မှုအကြောင်းကို Phuket Times သတင်းဌာနရဲ့ ဖေ့စ်ဘွတ်စ်စာ မျက်နှာမှာ ဇူလိုင် ၁၉ ရက်က မျှဝေထားတာတွေ့ရပါတယ်။
ကော့မဖရောင်း (အုန်းကျွန်း)အနီး ရေပြင်မှာ ထိုင်းတံငါသည်တယောက်က ကျောက်ဆူးချထားစဉ် မနက် ၉ နာရီခွဲလောက်မှာ ပင်လယ်ပြင်ကျယ်ကြီးထဲတွင် မျောက်တကောင်တည်း ရေကူးနေတာကို တွေ့ရှိခဲ့ပြီး အလွန်မောပန်းနေတဲ့ပုံ ပေါ်နေလို့ သွားရောက်ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါမျောက်ဟာ ကော့စီရေးကျွန်းဘက်မှ ရေထဲသို့ ဆင်းလာခဲ့တာဖြစ်ပြီး ၅ ကီလိုမီတာကျော်ခရီး ခရီးရှည်ကြီး ရေကူးခဲ့ရကာ ကြာရှည်စွာ ရေကူးအပြီး မောပန်းနွမ်းနယ် ရုန်းကန်နေရလို့ စက်လှေကို မျောက်ရဲ့ဘေးသို့ ဂရုတစိုက် မောင်းနှင်သွားခဲ့ပြီး မျောက်ကို လှေပေါ်သို့ တက်ခွင့်ပြုကာ ကမ်းခြေသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီအကြောင်းအရာကို ထိုင်းလူမှုကွန်ရက်ပေါ်မှာတော့ တံငါသည်ရဲ့ ကရုဏာတရားနဲ့ လျင်မြန်စွာ ကယ်ဆယ်ခဲ့မှုကို အသိအမှတ်ပြု ချီးကျူးနေကြပါတယ်။
Source: Phuket Times/ khaosod











