DVB Logo
Home
မြန်မာသတင်း
ရွှေနိုင်ငံစာပေ အပါအဝင် BL စာအုပ် ၂ အုပ် ထုတ်ဝေပုံနှိပ်သူများကို စစ်ကောင်စီ အရေးယူ 
DVB
·
November 14, 2024
ရွှေနိုင်ငံစာပေ အပါအဝင် BL စာအုပ် ၂ အုပ် ထုတ်ဝေပုံနှိပ်သူများကို စစ်ကောင်စီ အရေးယူ 
Donate to DVB

ရွှေနိုင်ငံစာပေနဲ့ ပိုစတာဖြန့်ချိ‌ရေးအပါအဝင် Boy Love BL စာအုပ် ၂ အုပ် ထုတ်ဝေသူနဲ့ ပုံနှိပ်သူတွေကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ငန်းအသိအမှတ်ပြု ထုတ်ဝေခွင့်လက်မှတ်တွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ ရုပ်သိမ်းလိုက်တယ်လို့ ရန်ကုန်စာပေအသိုက်အဝန်းက ပြောပါတယ်။ 

ရွှေနိုင်ငံစာပေနဲ့ ပိုစတာဖြန့်ချိရေးဟာ ပုံနှိပ်ခြင်းထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၂ ခုကို မလိုက်နာလို့ နိုဝင်ဘာ ၁၃ ရက်မှာ အသိအမှတ်ပြုလက်မှတ်ကို ပြန်လည်သိမ်းလိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မြန်မာပြက္ခဒိန်ထုတ်လုပ်သူတွေဟာ အစိုးရရုံးပိတ်ရက်နဲ့ ကိုက်ညီအောင် မထုတ်လို့ဆိုပြီး အရေးယူမှုတွေ ပြုလုပ်ခံခဲ့ရတာပါ။

ရန်ကုန်စာအုပ်လုပ်ငန်းရှင်တဦးက “ကျနော်တို့ သိရသလောက် ရွှေနိုင်ငံက ပြက္ခဒိန်ကိစ္စပါ။    ပုဒ်မ ၁၁ မှာ ကနဲ့ ခ ရှိတယ်။  စာပေစိစစ်ရေးကို ကိုယ်ထုတ်တဲ့စာအုပ်၊ စာပေရဲ့ အချက်အလက်အတွက် မှတ်ပုံတင်ဖို့၊ မူပိုင်ခွင့်တင်ဖို့ ပျက်ကွက်လို့ ပုဒ်မ ၁၁ (ခ)နဲ့ ငြိတာ။ နောက်တခု ပုဒ်မ ၁၈ ဆိုတာက ပုဒ်မ ၁၁ မှာ လုပ်ရမယ့်အချက်တွေ ပျက်ကွက်တာကိုပဲ ပြောတာ” လို့ ပြောပါတယ်။

ရွှေနိုင်ငံစာပေကို ဖုန်းဆက်သွယ်မေးမြန်းရာမှာတော့ ဝန်ထမ်းတွေဖြစ်တဲ့အတွက် အဆိုပါကိစ္စတွေကို မသိသေးဘူးလို့ ဖြေဆိုထားပါတယ်။

အမျိုးသားအချင်းချင်း ချစ်ကြိုက်တဲ့ အရေးအသား၊ အပြုအမူတွေ ပါဝင်တဲ့ Boy Love စာအုပ်ဖြစ်တဲ့ "1500 Miles to you" နဲ့ “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်တွေရဲ့ ထုတ်ဝေသူ The Destiny Book House စာပေပိုင်ရှင်နဲ့ ပုံနှိပ်ပေးသူ Right ပုံနှိပ်တိုက်တို့ဟာ နိုဝင်ဘာ ၆ ရက်မှာ လုပ်ငန်းဥပဒေ ပုဒ်မ ၆နဲ့ လက်မှတ်ရုပ်သိမ်းခံခဲ့ရပါတယ်။ 

စာအုပ်ဆိုင်ဝန်ထမ်းတဦးက “သူ့စာအုပ်တွေက ထွက်တာနဲ့ ရောင်းကုန်တာ။ သူ့ပရိသတ်ကလည်း ရှိတယ်။ စာအုပ်ထုတ်မှ မဟုတ်ပါဘူး။ Wattpad လိုမျိုးမှာလည်း BL ကို စီးရီးအလိုက် ဖတ်လို့ရပါတယ်။ လူကြိုက်များတယ်” လို့ ပြောပါတယ်။ 

ဒီစာအုပ်တွေကို စာရေးသူ မဟူရာ ဆိုသူက ၂၀၂၄ ခုနှစ်ထဲမှာပဲ ရေးသားခဲ့တာဖြစ်ပြီး ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။ 

စစ်ကောင်စီပြန်ကြားရေးက အရေးယူထားတဲ့  ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ဆိုတာ ညစ်ညမ်းစာတွေကို ဖော်ပြခြင်းဖြစ်ပြီး Boy Love BL စာအုပ်ထုတ်ဝေသူနဲ့ ပုံနှိပ်သူကိုတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ဆိုကာ ထပ်မံအရေးယူဖို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013