
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လူအင်အား၊ လက်နက်အင်အား မမျှတတာကြောင့် စစ်တောင်းမြစ်ဝှမ်းနဲ့ ရန်ကုန်ကိုရွှေ့မယ့် ဗျူဟာမြောက် ပုံဖော်ဆောင်နိုင်ဖို့အတွက် “မျှော်လင့်ခြင်းရန်ကုန်” ကမ်ပိန်းကို ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ထံက သိရပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ အနေနဲ့ လက်ရှိ KNLA တပ်၊ ကျေးနယ်ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ အပါအဝင် သူတို့တပ်စွဲထားတဲ့ နေရာတွေကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေသလို ဒီထက်ပိုပြီး ရန်ကုန်ကိုနီးကပ်နိုင်မယ့် အရွေ့တခုကို တွန်းချင်လို့ အခုလို ကမ်ပိန်းပြုလုပ်ရတာပါလို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက DVB ကို ပြောပါတယ်။
“ဒီမှာရှိနေတဲ့ ရဲဘော်တွေကို ၃ လ စစ်သင်တန်းပေးပြီး လေ့ကျင့်သင်ကြားခဲ့တာပါ။ မူလကရှိတဲ့ ရဲဘော်တွေကိုလည်း မွမ်းမံသင်တန်းတွေ ပေးနေသလို တခြားသော မဟာမိတ် တပ်ရင်းတပ်ဖွဲ့တွေဆီ စေလွှတ်ပြီး သင်ကြားစေခဲ့တာပါ။ အခက်ခဲကတော့ ရဲဘော်တွေအနေနဲ့ ရှေ့တန်းစစ်မြေပြင် ထွက်တဲ့အခါ လူ၊ လက်နက်အင်အား လိုအပ်မှုတွေအတွက် အလှည့်ကျစနစ်နဲ့ တိုက်ပွဲဖော်ဆောင်နေရတာကြောင့် အခုလို ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းကို လုပ်ဖြစ်ခဲ့တာပါ။”
မျှော်လင့်ခြင်းရန်ကုန် ကမ်ပိန်းရလဒ်အနေနဲ့ ၁၀၀ ရာခိုင်နှုန်းထိ မျှော်မှန်းထားကြောင်းနဲ့ ကမ်ပိန်းရည်ရွယ်ချက် ပြည့်မီနိုင်ဖို့အတွက် တတ်စွမ်းနိုင်တဲ့ပမာဏ ထည့်ဝင်ကာ အားဖြည့်ပေးကြဖို့ကိုလည်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ က ထုတ်ပြန် ကြေညာထားပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သုံးခွ PDF၊ ကျောက်တန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က လူငယ်တွေနဲ့ MOD လက်အောက်ခံ စစ်ဒေသ၊ စစ်ဒေသခွဲ ၂ ရဲ့ COC စနစ်နဲ့ တပ်ခွဲ ၂ ခွဲ စီမံကွက်ကဲနေတယ်လို့ သိရပါတယ်။
အဲဒီကမ်ပိန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က စတင်ခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်းနဲ့ သေနတ်တလက်ကို ဘတ် ၁၂၀,၀၀၀၊ မြန်မာငွေ သိန်း ၁၈၀ ကျပ်၊ ကျည် ၂ ဘောက်အတွက် ဘတ် ၄,၀၀၀၊ မြန်မာငွေ ၆၀၀,၀၀၀ ကျပ်၊ ကျည် ၂၀၀ အတွက် ဘတ် ၁၁,၀၀၀၊ မြန်မာငွေ ၁,၆၀၀,၀၀၀ ကျပ်နဲ့ ပစ္စည်းတမျိုးချင်းစီအလိုက် ကမ်ပိန်းကို ပါဝင်နိုင်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











