
အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ် လေကြောင်းအမျိုးသား အစောင့်တပ်ဖွဲ့ဝင် ဂျက်ခ်တက်ဇဲရားကို ယူကရိန်းနိုင်ငံအတွင်း ရုရှားစစ်ပွဲနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ မှတ်တမ်းတွေ ပေါက်ကြားမှုအတွက် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် နိုဝင်ဘာ ၁၂ ရက်က ချမှတ်လိုက်ပါတယ်။
အမေရိကန် ခရိုင်တရားသူကြီး အင်ဒီရာတယ်လ်ဝါနီက စီရင်ချက်ချတာ ခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် တက်ဇဲရားဟာ အမေရိကန်သမိုင်းမှာ အထင်ရှားဆုံးနဲ့ လက်ငင်း အကျိုးသက်ရောက်မှု အရှိဆုံး သူလျှိုအက်ဥပဒေ ကျူးလွန်မှုမှာ အပြစ်ရှိကြောင်း ဝန်ခံပြီးတဲ့နောက် ဘော့စတွန် တရားရုံးမှာ စီရင်ချက်ချခံခဲ့ရတာပါ။
၂၀၂၃ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခံရပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ တက်ဇဲရားဟာ မနှစ်က မတ်လမှာစာတို့ပို့တဲ့ အပလီကေးရှင်း ဒစ္စကော့ဒ်ပေါ်က ဂိမ်းကစားသူများအုပ်စုဆီ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲထားတဲ့ မှတ်တမ်းတွေကို တမင်သက်သက် ထိန်းသိမ်းထားပြီး အချက်အလက်တွေကို ဖြန့်ဝေမှု စွဲချက် ၆ ခုအတွက် အပြစ်ရှိကြောင်း မတ်လမှာ ဝန်ခံခဲ့ပါတယ်။
သူ့ကို စီရင်ချက်မချမီ သူဟာ တရားမျှတမှုကို ဟန့်တားပြီး တရားဝင်အမိန့်ကို နာခံဖို့ ပျက်ကွက်ခဲ့တယ်လို့ လေတပ်က သီးခြားစွဲဆိုထားတဲ့ စစ်ရေးစွဲချက်တွေကို ဖြေရှင်းဖို့ စာနဲ့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ တရားရုံးမှာ တရားပြိုင်ပြရှေ့နေ မိုက်ကယ် ဘက်ခ်ရက်ခ်က ပြောပါတယ်။
သူ့ကို မတ်လမှာ စစ်ခုံရုံးတင်ဖို့ ချိန်းဆိုထားပါတယ်။ တက်ဇဲရားကိုမဖမ်းမီ သူဟာ မန်ဆာချူးဆက်ပြည်နယ် ကိပ်ကော့ဒ်ကျွန်းဆွယ်မှာရှိတဲ့ အိုတစ်စ် လေတပ်အခြေစိုက်စခန်းမှာ ဆိုက်ဘာကာကွယ်ရေး စစ်ဆင်ရေး ကျွမ်းကျင်လုပ်သားနဲ့ သတင်းအချက်အလက် နည်းပညာပံ့ပိုးရေး အထူးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်တဲ့ လေယာဉ်မှူးတယောက် ဖြစ်ခဲ့ပါတယ်။
တက်ဇဲရားဟာ အဆင့်နိမ့်လေသူရဲဖြစ်ပေမဲ့ ထိပ်တန်းလျှို့ဝှက်လုံခြုံရေး လျှို့ဝှက်ချက်တွေကို အသုံးပြုခွင့် ရထားပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီကစပြီး ယူကရိန်းကို ရုရှားက ကျူးကျော်မှုအပါအဝင် အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ ရာနဲ့ချီတဲ့ အမျိုးအစားခွဲခြားထားတဲ့ စာရွက်စာတမ်းတွေကို စတင်ကြည့်ရှုခဲ့တယ်လို့ အစိုးရရှေ့နေတွေကို ကိုးကားပြီး မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source: Reuters










