
ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ထဲမှာ တပ်ရင်းမှူးရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု အပါအဝင် တပ်တွင်းသတင်းပေါက်ကြားမှုနဲ့ တပ်မိသားစုဝင်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
နတခ ထဲက အဆရ ၁၁ တပ်ရင်းမှူး ဇွဲသူဟိန်း အိမ်ထောင်ရေးဖောက်ပြန်မှု၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တပ်အရာရှိတွေ စစ်မှုထမ်းအစားထိုးငွေ သုံးစွဲနေမှု၊ တပ်ကပံ့ပိုးတဲ့ စက်သုံးဆီ၊ စားအုန်းဆီ၊ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်လို့ တပ်တွင်းအခြေအနေတွေ ပြင်ပသတင်းပေါက်ကြားမှုနဲ့ တပ်မိသားစုဝင် ၈ ယောက်ကို ဇွန် ၁၆ ရက်က စတင်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတယောက်က “တပ်တွင်းသတင်းပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး တပ်ရင်းမှူးက တပ်မိသားစုတွေကို ဖမ်းဆီးစစ်ဆေးနေတာ။ အရာရှိငယ်တွေရဲ့ မိသားစုတွေပါ ပါတယ်။ သစ္စာဖောက်တွေ၊ ဖရဲသီးတွေ ဆိုပြီး ဆဲဆိုဖမ်းဆီး စစ်ဆေးနေတာ” လို့ ပြောပါတယ်။
တပ်မိသားစု ၂ စုက လူ ၈ ယောက်ကို ဖမ်းဆီးစစ်ဆေးတာဖြစ်ပြီး တပ်တွင်းသတင်း ပြင်ပဖြန့်သူတွေက တပ်သစ္စာခံမိသားစုမဟုတ်ဘဲ NLD ပါတီသစ္စာခံတွေလို့ စွပ်စွဲဖိနှိပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်ရင်းမှူး လက်အောက်ခံ တပ်မိသားစုတစုက ရယူလုပ်ကိုင်နေတဲ့ အဆရ ၁၁ တပ်ထဲက တပ်တွင်းသက်သာဆိုင်ကိုလည်း တပ်ရင်းမှူးဇွဲသူဟိန်းက ဖွင့်ခွင့်မပေးဘဲ အကန့်အသတ်မရှိ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။










