DVB Logo
Home
မြန်မာသတင်း
တန်ဆောင်တိုင် မီးပုံးအရေအတွက် လျော့နည်းသွားပြီး ကား၊ ဆိုင်ကယ်အပ်ခ ဈေးကြီးနေ
DVB
·
November 13, 2024
တန်ဆောင်တိုင် မီးပုံးအရေအတွက် လျော့နည်းသွားပြီး ကား၊ ဆိုင်ကယ်အပ်ခ ဈေးကြီးနေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အဝေရာမီးပုံပျံကွင်းမှာ ကျင်းပနေတဲ့ တောင်ကြီး‌တန်ဆောင်တိုင် မီးပုံပျံပွဲတော်မှာ လွှတ်တင်မယ့် မီးပုံးအရေအတွက် နည်းသွားသလို ကား၊ ဆိုင်ကယ်အပ်ခတွေ ဈေးကြီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၄ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်ညပိုင်းအထိ ကျင်းပမှာ ဖြစ်ပြီး မီးပုံးလွှတ်တင်ပွဲကို ညပိုင်းနဲ့ နေ့ပိုင်းဆိုပြီး ခွဲခြားထားပါတယ်။

ကိုဗစ်ကာလမတိုင်ခင် ၂၀၁၈- ၂၀၁၉ ခုနှစ်က ညပိုင်းအစီအစဉ်တွေမှာ တညကို ညမီးကြီး၊ စိန်နားပန် မီးပုံးအရေအတွက် ၁၇ လုံး၊ ၁၈ လုံး ညတိုင်းလွှတ်တင်နိုင်ခဲ့တာကြောင့် လာရောက်လည်ပတ်သူတွေ ညလုံးပေါက်နီးပါး ကြည့်ရှုခွင့်ရကြပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ တညကို မီးပုံးကြီးအရေအတွက် ၇လုံးလောက်သာ လွှတ်တင်မယ်လို့ စာရင်းထုတ်ထားခဲ့ပြီး ညနေ ၆ နာရီလောက်က စတင်ပေမဲ့ ည ၁၀ နာရီခွဲလောက်မှာ မီးပုံးအကုန်လုံး လွှတ်တင်မှုပြီးဆုံးသွားတာကြောင့်  လည်ပတ်သူတွေကြားမှာ ကြီးမား‌နေတဲ့ လမ်းစရိတ်၊ ကားအပ်ခ၊ တည်းခိုခ၊ စားသောက်စရိတ်နဲ့ မကာမိတာကြောင့်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ 

တန်‌ဆောင်တိုင် လာ‌ရောက်လည်ပတ်သူတဦးက “ ဟိုးစောစောနှစ်တွေက မနက်လေးနာရီအထိ ညလုံးပေါက်ကြည့်လို့ရတယ်တဲ့။ အခု ၁၀ နာရီကျော်တာနဲ့ ပြီးရော။ ကားအပ်ခက တစီး ၃၀၀၀၀၊ ဆိုင်ကယ်က ၅၀၀၀ ။ ပွဲထဲက ဆိုင်တွေကလည်း ဈေးကကြီး၊ စားလို့လည်း မကောင်း။ ဟိုတယ်က single room ကိုတောင် ပုံမှန်ထက် ၁၀၀၀၀ လောက် ပိုပေးရတယ်။ လူတော့ အမြဲပြည့်နေတယ်။ လာလည်တဲ့သူတွေအတွက် မတန်တော့ဘူး”လို့ ဆိုပါတယ်။ 

ကား၊ ဆိုင်ကယ်တွေကို တရားဝင် လိုင်စင်ရှိမှသာ ကွင်းအတွင်းပေးဝင်တာဖြစ်ပြီး ပွဲကျင်းပရေးကော်မတီမှာ ယာဉ်ရပ်နားခွင့်နေရာအတွက် လေလံဆွဲထားရတာ‌ကြောင့် ကား၊ ဆိုင်ကယ်အပ်ခတွေ ဈေးတက်နေတာလည်း ဖြစ်ပါတယ်။ 

ပွဲအစီအစဉ်တွေနဲ့ မီးပုံအရေအတွက် နည်းသွားတာကြောင့် ပွဲတော်ကို ဆွဲဆောင်နိုင်မှုအားနည်းနေပေမဲ့ လာရောက်သူအရေအတွက်က ၂၀၂၃ ခုနှစ် တန်ဆောင်တိုင်ကထက် ပိုများနေတယ်လို့ သိရပါတယ်။

ပွဲကျင်းပရေးကော်မတီနဲ့နီးစပ်သူတဦးက “ အခြေအ‌နေအရ မီးပုံးအရေအတွက်၊ အရွယ်အစားတွေ လျော့ပစ်လိုက်ရတာ။ ညမီးကြီးဆိုရင် ယမ်းတွေ လျော့ထားခိုင်းတာတွေ ရှိပါတယ်။ ကွင်းဝင်ပေါက်က ၂ ပေါက်ရှိတယ်။ မုခ်ဦးပေါက်က X Ray စက်ရှိတယ်။ ရပ်ကွက်နဲ့နီးတော့ လူ‌ပိုဝင်တယ်။ စနစ်တကျတော့ တန်းစီနေတာလည်း တွေ့ရမယ်။ နေ့လွှတ်ပွဲတော့ အရုပ်တွေ လွှတ်ကြတယ်။ အရေအတွက် ပိုများတယ်။ ဧည့်သည်တွေရော စစ်ရှောင်တွေရောဆို လူသောင်းဂဏန်းလောက် လာကြပါတယ်”လို့ ဆိုပါတယ်။ 

တန်ဆောင်တိုင်ပွဲတော် ၃ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၄ ရက်မှာ မြို့လုံးကျွတ်ကထိန်ခင်းကြမှာ ဖြစ်ပြီး ၁၅ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ မီးပုံးလှည့်လည်ပွဲအတွက် စီစဉ်နေတယ်လို့ သိရတဲ့အပြင် ၁၇ ရက် ညပိုင်းမှာ မီးပုံးပျံအတွက် ဆုရမယ့်အသင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013