
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလာပြီး စိတ်အေးချမ်းသာစွာ ကုသိုလ်ပြုနိုင်ဖို့ ဖားကန့်ခရိုင်၊ တပ်မဟာ ၉ လက်အောက်က တပ်ရင်းနဲ့ တပ်ဖွဲ့အားလုံးကို လူသစ်မစုဆောင်းဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီညွှန်ကြားချက်အရ နိုဝင်ဘာ ၁၄ ရက်ကနေ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်အထိ လူသစ်စုဆောင်းတာကို ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “တပ်မဟာမှူးအမိန့်နဲ့ပေါ့နော်။ တပ်မဟာ ၉ လက်အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေပေါ့။ ဒီနေ့ကစလို့ လူသစ်မစုဖို့ နှုတ်မိန့်နဲ့ ညွန်ကြားထားတယ်။ တကယ်လို့ တပ်ရင်း၊ တပ်ဖွဲ့ကလူတွေ လူသစ်စုဆောင်းရင် နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေဆီတိုင်ကြားလို့ရတယ်လို့ ပြောပါတယ်” လို့ DVB ကိုပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ သတ်မှတ်ကာလအတွင်း အရေးကြီးကိစ္စမရှိဘဲ ညအချိန်မတော် သွားလာတာနဲ့ မူးယစ်ရမ်းကားတာတွေ မပြုလုပ်ဖို့၊ သက်ဆိုင်ရာနယ်မြေအလိုက် ချမှတ်ထားတဲ့ လုံခြုံရေးစည်းကမ်းတွေကိုလည်း လေးစားလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကလည်း ဖားကန့်ခရိုင် တပ်မဟာ ၉ အောက်က KIA/KPDF ရဲဘော်တွေအားလုံး ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရာမှာ လိုက်နာရမဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို KIA က ထုတ်ပြန် ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ၊ အတင်းအဓမ္မ ဥပဒေမဲ့ အကျပ်ကိုင်တာ၊ တပ်ဖွဲ့ရဲ့ မူဝါဒနဲ့ဆန့်ကျင်ဘက် ပြုမူတာတွေ မလုပ်ကြဖို့၊ အဆင့်ဆင့်ချမှတ်ထားတဲ့ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လည်း သတိပေးထားတာပါ။
အဲဒီအပြင် မြို့၊ ရွာတွေက ယဉ်ကျေးမှုနဲ့ဆက်စပ်တဲ့ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ စတဲ့နေရာတွေ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ ပန်းခြံ၊ ဆေးရုံ ဆေးခန်း၊ နာရေးကိစ္စ စတဲ့နေရာတွေမှာ လက်နက်ကိုင်ဆောင်ဝင်ရောက်တာ မလုပ်ကြဖို့လည်း တားမြစ်ထား တာပါ။











