
အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ COP28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံပေါင်း ၁၀၀ ကျော်က ၂၀၃၀ ပြည့်နှစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို ၃ ဆတိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာ ညီလာခံထဲမှာ အငြင်းပွားစရာအနည်းဆုံး ကတိကဝတ်တွေထဲက တခုဖြစ်ပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ COP28 ညီလာခံကို လက်ခံကျင်းပရာ အိမ်ရှင်နိုင်ငံ ဖြစ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ဒီကတိကဝတ်ကို ထောက်ခံအားပေးနေကြတာပါ။ အခု ဆယ်စုနှစ်အတွင်း ပိုပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုကို ရှောင်ရှားဖို့ အခုဆယ်စုနှစ်အတွင်း လိုအပ်နေတဲ့ ကမ္ဘာကြီး ပူနွေးလာစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာ ကျဆင်းသွားစေဖို့ ကတိကဝတ်ပြုနေကြပါတယ်။
ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်သလား ဆိုတာကတော့ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်စရာပါ။ နေရောင်ခြည်နဲ့ လေတို့လို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို နှစ်ပေါင်းများစွာ တဟုန်ထိုး ဖြန့်ကြက် အသုံးပြုနေပေမယ့် ကုန်ကျစရိတ်တွေ မြင့်တက်လာတာ၊ လုပ်သားကန့်သတ်ချက်တွေနဲ့ ထောက်ပံ့ရေး ကွင်းဆက်ပြဿနာတွေကြောင့် မကြာသေးမီ လတွေအတွင်း စီမံကိန်းနှောင့်နှေး၊ ဖျက်သိမ်းတာတွေ ဖြစ်ခဲ့ပြီး စီမံကိန်းရေးဆွဲသူတွေ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခဲ့ပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ကန့်သတ်ဖို့ ၂၀၁၅ ပါရီရာသီဥတု သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အဓိက သော့ချက် ဖြစ်ပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ သုံးစွဲမှုကို အမြန်တိုးချဲ့နေပြီဖြစ်ပေမဲ့ နောက်ဆုံး ရည်မှန်းချက်က နေရောင်ခြည်နဲ့ လေအားလျှပ်စစ် ဖြန့်ကြက်မှုကို အများကြီး အရှိန်မြှင့်ဖို့ လိုအပ်မှာပါ။
၃ ဆတိုးလာတဲ့ ပစ်မှတ်ဟာ ၆ နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို အနည်းဆုံး 11,000 gigawatts (GW) ထိ ထုတ်နိုင်အောင် ဆောင်ကြဉ်းပေးမှာပါ။
ဒါဟာ ဘလွန်းဘာ့ဂ် NEF သုတေသန အဖွဲ့က လက်ရှိ ခန့်မှန်းထားတာထက် ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။ ပိုမြင့်လာတဲ့ ချေးငှားမှုစရိတ်တွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဆုတ်ခွာသွားချိန်မှာ မနှစ်က ကမ္ဘာတဝန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၀၀ ဘီလီယံအထိ ရောက်ခဲ့တယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ပြောပါတယ်။
Source: Reuters










