
ဂျာမနီနိုင်ငံရဲ့ မြို့တော်ဘာလင်မှာ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်း ပြိုကျတဲ့ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၉ ရက်က ပို့စ်ဒါမာ ပြည်သူ့ရင်ပြင်ကနေ ဘရန်ဒန်ဘာ့ဂ်မုခ်ဦးထိ တေးဂီတနဲ့ အလင်းတန်းပြပွဲတွေ ပြသတဲ့ ညနေခင်းပြပွဲကို ကျင်းပခဲ့ပါတယ်။
လွတ်လပ်မှုအတွက် ပွဲတော်တရပ် ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဂျာမန် နိုင်ငံရေးသမားတွေနဲ့ လူထုက ဒီပွဲကို ဂျာမန်မြို့တော်အနှံ့ နေရာအမျိုးမျိုးမှာ ဆင်နွှဲခဲ့ပါတယ်။
အခုနှစ်မှာ စည်းလုံးညီညွတ်မှုကို အလေးပေးပြီး ပြည်သူတွေ စည်းလုံးဖို့ တောင်းဆိုတဲ့ ဆောင်ပုဒ်အဖြစ် အခမ်းအနားတွေမှာ ဂီတနဲ့ အနုပညာကို သုံးခဲ့ပါတယ်။
တံတိုင်းပြိုကျတဲ့နေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲတွေနဲ့ ပွဲအမျိုးမျိုးကို လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို အရင်ကထက် ပိုလိုအပ်ကြောင်းပြရင်း ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲတဲ့ ပွဲတော်တရပ်လို့လည်း ပြောကြပါတယ်။
ဘာလင်မြို့တော်မှာ အရင်းရှင်တွေ အုပ်ချုပ်တဲ့ အနောက်ခြမ်းနဲ့ ကွန်မြူနစ်တွေ အုပ်ချုပ်တဲ့ အရှေ့ခြမ်းအဖြစ် ဆယ်စုနှစ် ၃ စုနီးပါးကြာအောင် ခွဲထုတ်ထားတဲ့ တံတိုင်းကြီး ပြိုကျတာဟာ စစ်အေးတိုက်ပွဲရဲ့ ပြင်းထန်တဲ့ သင်္ကေတဖြစ်လာခဲ့တာပါ။
ဘာလင်တံတိုင်း ပြိုကျအပြီး တနှစ်အကြာ ၁၉၉၀ မှာ ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ အနောက်ဘာလင်တဝိုက်က နယ်နိမိတ်ခံတပ်တွေဟာ စုစုပေါင်းအရှည် ၁၅၅ ကီလိုမီတာဝန်းကျင် ရှိခဲ့ပြီး ခုတော့ တံတိုင်းရဲ့ အကြွင်းအကျန် နည်းနည်းသာ ကျန်ရှိပါတော့တယ်။
ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်လေ့ရှိတဲ့ လမ်းကြောင်းပေါ်က အထင်ရှားဆုံး အကြွင်းအကျန်တွေဟာ အရှေ့ပိုင်းပြခန်း၊ ဘာနာဝါ စထရပ်စ်ဇာလမ်းနဲ့ တပ်သား ချာလီ စောင့်ကြပ်ခဲ့တဲ့ စစ်ဆေးရေးစခန်း Checkpoint Charlie တို့ ဖြစ်ပါတယ်။
Source: Reuters











