
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက်တဲ့ Myingyan Black Tiger - MBT တပ်ဖွဲ့ဟာ ၅ ဒသမ ၅၆ မမ ကျည်သုံး ကာဘိုင်သေနတ်ကို ကိုယ်ပိုင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရှေ့တန်းမှာ တိုက်ခိုက်ဖို့ ကျည်ဆန်ရှားပါးတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အခုလို ထုတ်လုပ်တာဖြစ်ပြီး အောင်မြင်တာကြောင့် ကျည်အခက်အခဲမရှိတော့ဘူးလို့ MBT တပ်ဖွဲ့ရဲ့ တာဝန်ခံကပြောပါတယ်။
“ကျနော်တို့ အခုသုံးနေရတဲ့ သေနတ်အမျိုးအစားတွေက ရှေ့တန်း စစ်မြေပြင်ရောက်လို့ ကျည်ကုန်သွားရင် ကျည်ရှားတဲ့ပြဿနာနဲ့ အမြဲကြုံနေရတော့ တိုက်ပွဲထဲမှာဆို အခက်အခဲဖြစ်တယ်ပေါ့ဗျာ။ အဲဒါကိုဖြေရှင်းဖို့ အခု ၅ ဒသမ ၅၆ ကျည် သုံးလို့ရတဲ့ သေနတ်ကို နည်းပညာတွေ ရှာဖွေပြီး တပ်ဖွဲ့ထဲမှာပဲ ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။ အခု အောင်မြင်ပြီပေါ့။ အဓိကက ၅ ဒသမ ၅၆ ကျည်က ပေါတာရယ်၊ ဝယ်ရလွယ်ကူတာရယ်ကြောင့် အခု သေနတ်ကို ထုတ်လုပ်ရတာပါ။ ကျနော်တို့ တပ်ဖွဲ့က ရဲဘော်တွေအတွက်တင်မကပါဘူး၊ တခြားအဖွဲ့တွေက မှာယူရင်လည်း အဆင်ပြေဖို့ ဆက်လက်ထုတ်လုပ်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
အခုထုတ်လုပ်တဲ့ ကာဘိုင်အမျိုးအစား ၅ ဒသမ ၅၆ ကျည်သုံးသေနတ်ကို နိုဝင်ဘာ ၇ ရက်နေ့မှာ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး အဲဒီသေနတ်ဟာ ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူသလို ပစ်မှတ်ကိုလည်း မီတာ ၁၀၀ အတွင်း တိတိကျကျပစ်ခတ်နိုင်တယ်လို ဆိုပါတယ်။
Myingyan Black Tiger - MBT (မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း) ဟာ မြင်းခြံခရိုင်အတွင်းမှာသာမက ပြီးခဲ့တဲ့ သြဂုတ် ၁၀ နေ့က စတင်ခဲ့တဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တို့မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့လည်း အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။










