
အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ယဲမက်ဆီမြို့ငယ်လေးရှိ အယ်လ်ဖာ ဂျနက်စစ်စ် သုတေသနဌာနကနေ မျောက်ကောင်ရေ ၄၃ ကောင် ထွက်ပြေး လွတ်မြောက်သွားပါတယ်။
ဒေသခံတွေအနေနဲ့ နေအိမ်တံခါးတွေကို သော့ခတ်ထားကြဖို့နဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို တိရစ္ဆာန်တွေအနား ချဉ်းကပ်တာမပြုဖို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်မှာ တိုက်တွန်းထားပါတယ်။
ယဲမက်ဆီမြို့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဗုဒ္ဓဟူးနေ့က ရီးဆပ်စ်မကာ့စ် မျောက်မ ပေါက်စလေးတွေ လွတ်ထွက်သွားကြောင်း ပြောပြထားပြီး လွတ်သွားတဲ့ မျောက်ကလေးတွေကို ပြန်ရှာဖွေနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဟာ အယ်လ်ဖာဂျနက်စစ်စ် သုတေသနစင်တာမှ ဝန်ထမ်း ၂၀၀၀ လောက်ကို ကူညီပေးခဲ့ပါတယ်။
မျောက်ကလေးတွေ ဘယ်လိုလွတ်ထွက်သွားတယ် ဆိုတာကိုတော့ ရဲတပ်ဖွဲ့က မပြောထားပါဘူး။ မျောက်တွေကို စမ်းသပ်မှုအတွက် လုံးဝ အသုံးမပြုထားကြောင်းနဲ့ မျောက်တွေဟာ ရောဂါသယ်ဆောင်ဖို့လည်း ငယ်လွန်းသေးကြောင်းကို အယ်လ်ဖာ ဂျနက်စစ်စ် သုတေသနဌာနက အကြောင်းကြားထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters










