DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့ပေါ်က လူနေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
November 6, 2024
မင်းတပ်မြို့ပေါ်က လူနေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
Donate to DVB

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် ရပ်ကွက်က လူနေအိမ်တွေနဲ့ ဝန်ထမ်းအိမ်ရာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။

ပြီခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကစလို့ နိုဝင်ဘာလဆန်းအထိ မင်းတပ် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်သားတွေ ဦးဆောင်ပြီး မြို့ကို မီးရှို့နေတာဖြစ်ပြီး မင်းတပ်မြို့ ဆည်မြောင်း ရုံးဝင်းထဲက ဝန်ထမ်းအိမ်ရာတွေကို နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီ၀န်းကျင်မှာ ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

မင်းတပ်မြို့ပေါ် နတလ ၁ (နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း) အောက်မှာရှိတဲ့ လူနေအိမ်တွေက ဝရန်တာတွေကိုလည်း ဖျက်ဆီးပြီး ခလရ ၂၇၄ တပ်ရင်းထဲကို သယ်ယူသွားကြတယ်လို့ မင်းတပ်မြို့ခံ တယောက်က ပြောပါတယ်။ 

“ဆည်မြောင်းရုံးက ဝန်ထမ်းအိမ်ရာတွေကိုလည်း မီးရှို့တယ်၊ ပျဉ်တချို့ကိုတော့ မီးစိုက်ဖို့ သယ်သွားကြတယ၊ အဲဒီနားက အိမ်တွင်းမှုကုန်းမှာ စစ်သားတွေက တပ်စွဲထားတယ်၊ အဲဒီ အောက်နားက နတလ ၁ အောက်ဘက်နားက အိမ်အတန်းလိုက်ရှိတဲ့ အိမ်တွေရဲ့ ဝရန်တာပျဥ်တွေကို ခွာယူကြပြီး မီးစိုက်ဖို့ တပ်စွဲတဲ့နေရာကို သယ်သွားကြတယ်။ အဲဒီနားက အိမ်တချို့ကတော့ အစောင့်တွေပဲ ကျန်တယ်၊ မြို့ထဲလည်း လူမရှိတော့ဘူး။ နည်းနည်းပဲ ကျန်တယ်။” 

မီးရှို့ခံရလို့ မင်းတပ်မြို့ အနောက်စံပြရပ်ကွက်၊ အရှေ့စံပြရပ်ကွက်နဲ့ ဘဝသစ်ရပ်ကွက်တွေက လူနေအိမ် ၉၀ နီးပါးအထိ မီးလောင်ပျက်စီးခဲ့ပါတယ်။ မင်းတပ်မြို့နေ ပြည်သူတွေဟာ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက မြို့ကို စွန့်ခွာ တိမ်းရှောင်နေကြရတာပါ။ 

မင်းတပ် ခလရ-၂၇၄ တပ်ရင်း၊ အိမ်တွင်းမှုကျောင်း၊ စံမင်းသီရိ၊ ဆောက်လုပ်ရေးဝင်း၊ မိခင်နဲ့ကလေးရုံး၊ ထွေအုပ်ရုံး၊ စက်မှုလက်မှုကျောင်း၊ ရဲစခန်း၊ MPT တာဝါတိုင်ရုံး၊ ဟိုတယ်မင်းတပ်ကုန်း၊ မီးသတ်ကုန်း၊ လဝကရုံး စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀၀ နီးပါး နေရာယူထား ပါတယ်။ 

စစ်ကောင်စီတပ်သားတွေ အထိုင်ချရာ နေရာကို ကာကွယ်ရေးတပ်ဖွဲ့တွေက လာရောက်ပစ်ခတ်လေ့ရှိတဲ့အတွက် စစ်ကောင်စီတပ်သားတွေက သူတို့ ပစ်ကွင်းမရှင်းတဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့မှာ အရပ်သားနေအိမ်ပေါင်း ၁ သိန်း ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ Data For Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013