DVB Logo
Home
မြန်မာသတင်း
ပလက်ဖောင်း မပြီးသေးသဖြင့် စပိန်ရထားတွဲများ မပြေးဆွဲနိုင်
DVB
·
November 1, 2024
ပလက်ဖောင်း မပြီးသေးသဖြင့် စပိန်ရထားတွဲများ မပြေးဆွဲနိုင်
Donate to DVB

နိုဝင်ဘာ ၁ ရက်မှာ မြို့ပတ်ရထားလမ်းကြောင်းပေါ် ပြေးဆွဲဖို့ ရည်ရွယ်ထားတဲ့ စပိန်ရထားတွဲတွေဟာ ဘူတာရုံတွေရှိ ပလက်ဖောင်းတွေ အချိန်မီ မပြီးစီးလို့ မပြေးဆွဲနိုင်ဘူးလို့ သိရပါတယ်။

ပဲခူး-ရန်ကုန်လမ်းပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး တလကြာ စမ်းသပ်ပြေးဆွဲနေတဲ့ စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းတွေကို ဒီကနေ့ နိုဝင်ဘာ ၁ ရက်ကစပြီး မြို့ပတ်ရထားလမ်းပိုင်းမှာ စတင်ပြေးဆွဲသွားဖို့ ရည်ရွယ်ထားပေမဲ့ ပလက်ဖောင်းမြှင့်တဲ့ လုပ်ငန်းတွေ သတ်မှတ်ထားတဲ့ကာလအတွင်း မပြီးဆုံးသေးတဲ့အတွက် ဒီကနေ့မှာ ပြေးဆွဲနိုင်ခြင်း မရှိပါဘူး။

လက်မှတ်ရောင်းချသူတယောက်ကတော့ “ဘူတာတွေ မပြီးသေးလို့ မထွက်ဘူး၊ ၂၀ ရက်နေ့လောက်မှ ထွက်ဖြစ်မယ်။ ဘူတာတွေမပြီးသေးလို့” လို့ ပြောပါတယ်။

ရန်ကုန်ဘူတာကြီးမှာတော့ စပိန်ရထားအတွက် ပလက်ဖောင်းမြှင့်တင်တဲ့အပိုင်းတွေ ဆောင်ရွက်ပြီးပေမဲ့ ၂ ဘူတာအကျော်ဖြစ်တဲ့ ရန်ကုန်မြို့ပတ် အရှေ့ဘက်အခြမ်း လမ်းကြောပေါ်က မေတ္တာညွန့်ဘူတာမှာတော့ ပလက်ဖောင်းမြှင့်တဲ့လုပ်ငန်းတွေ မပြီးသေးသလို တာမွေဘူတာမှာလည်း ဘူတာရုံအသစ် ပြန်ဆောက်တဲ့ လုပ်ငန်းတွေက မပြီးဆုံးသေးပါဘူး။

ပလက်ဖောင်းတွေ အဆင့်မြှင့်နေသလို ဘူတာရုံတွေကိုလည်း အသစ်ပြန်လည် တည်ဆောက်တာတွေ ရှိနေပြီး အများစုက အပြီးမသတ်နိုင်တာကို တွေ့ရပါတယ်။

ဘူတာရုံနဲ့ ပလက်ဖောင်းတွေကို အဆင့်မြှင့်တင်ဆဲကာလမှာပဲ မြို့ပတ်ရထား လက်မှတ်ခတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ကစပြီး မြို့အရှေ့ခြမ်းနဲ့ အနောက်ခြမ်း တခြမ်းစီ စီးနင်းခကို ကျပ် ၂၀၀ ကနေ ကျပ် ၄၀၀၊ မြို့တပတ်စာ ခရီးအတွက် ကျပ် ၃၀၀ ကနေ ကျပ် ၈၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြို့ပတ်ရထားလမ်းကြောင်းမှာ ဂျပန်နိုင်ငံထုတ် RBE ရထားတွဲတွေအတွက် ပလက်ဖောင်းတွေကို ၄ ပေအထိ မြှင့်ခဲ့ပြီး ၂ နှစ်အကြာမှာ စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းတွေ ထပ်မံရောက်ရှိလာချိန်မှာတော့ မူလက ၄ ပေ မြှင့်ထားတဲ့ ကျောက်ပြားချပ်တွေကို ပြန်ခွာပြီး နောက်ထပ် တပေခွဲ ထပ်မြှင့်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013