DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပြည်သူအပေါ် တိုက်ခိုက်ဖိနှိပ်နေမှုကို တကမ္ဘာလုံးနှုတ်ဆိတ်နေဟု Fortify Rights အဖွဲ့ပြော
DVB
·
October 31, 2024
စစ်တပ်က ပြည်သူအပေါ် တိုက်ခိုက်ဖိနှိပ်နေမှုကို တကမ္ဘာလုံးနှုတ်ဆိတ်နေဟု Fortify Rights အဖွဲ့ပြော
Donate to DVB

အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ်  ဆက်လက်တိုက်ခိုက်ဖိ နှိပ်နေတာတွေကို တကမ္ဘာလုံးက နှုတ်ဆိတ်ကာ ကြည့်နေကြဆဲဖြစ်တယ်လို့ Fortify Rights အဖွဲ့က ပြောလိုက်ပါတယ်။

အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ် ကောင်စီကို လေယာဉ်လောင်စာဆီနဲ့ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတွေ ပိတ်ဆို့အရေးယူဖို့ ထုတ်ပြန်ချက်မှာ ခုလိုပြောလိုက်တာပါ။

Fortify Rights အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက “မြန်မာစစ်ကောင်စီဟာ ပြစ်ဒဏ်ခံရခြင်းလုံးဝမရှိဘဲ သူတို့ရဲ့ ဂျက်လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေအပေါ် ဆက်လက်တိုက်ခိုက်ဖိနှိပ်နေတာကို တကမ္ဘာလုံးက နှုတ်ဆိတ်ကာ ကြည့်နေဆဲပါပဲ။ စစ်ကောင်စီက ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်နေတာတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုလသမဂ္ဂအနေနဲ့ကတော့ ကြည့်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အာဏာရှင်တို့၏ အကြမ်းဖက် အုပ်စိုးမှုကို ဆက်လက်တည်မြဲစေနိုင်တဲ့ လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်သွင်း၊ စီးဆင်းမှုတွေကို ပိတ်ပင်ဖို့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သလို လုပ်လည်း လုပ်ဆောင် သင့်ပါတယ်” လို့ ပြောပါတယ်။

အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က မြန်မာစစ်ကောင်စီ ဂျက်လေယာဉ်တစီးက ကရင်နီနဲ့ ရှမ်းပြည်နယ် နယ်စပ်က ပြည်တွင်းနေရပ်ရွှေ့ပြောင်း ဒုက္ခသည်စခန်းတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၆ ဦး အပါအဝင် စစ်ဘေးရှောင် ၉ ဦး သေဆုံးခဲ့တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀၀ ကျော်နေထိုင်ရာ စခန်းထဲက စစ်ရှောင်တဲ ၄၉ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်းတို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့အတွင်း မြန်မာစစ်ကောင်စီက ကလေး ၃၃၄ ဦးအပါအဝင် အရပ်သား ၂,၄၁၄ ဦးထက်မနည်းကို ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ကာလအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၁၃ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၃၇ ဦးထက်မနည်း သေဆုံးခဲ့ရသလို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၇၉၃ ရာခိုင်နှုန်း တိုးလာကာ အမြောက်နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၂၃၈ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း ဆိုပါတယ်။

Fortify Rights အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက “မြန်မာစစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ၂ နှစ်သားအရွယ် သားသားသေဆုံးမှုဖြစ်စဉ်အပါအဝင် အခြား ထောင်နှင့်ချီသော အရပ်သားများ သေဆုံးမှုတွေဟာ မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပေါ်နေတဲ့ ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရန် ပျက်ကွက်နေခြင်းဟာ ကမ္ဘာ့နိုင်ငံများအပေါ် စုပေါင်းဖြစ်ပေါ်နေသော အစွန်းအထင်းတစ်ခုပါပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်အရပ်သား ၉ ဦး သေဆုံးပြီး အရပ်သား နေအိမ်တွေနဲ့ အခြေခံအ ဆောက်အအုံတွေ ဖျက်ဆီးခံရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တရားဝင် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်တွေနဲ့ သက်ဆိုင်မှု လုံးဝမရှိကြောင်းနဲ့ ဒီတိုက်ခိုက်မှုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်နေတာကို ထင်ပေါ်နေတယ်လို့လည်း Fortify Rights အ ဖွဲ့က ပြောပါတယ်။

အမေရိကန်အပါအဝင် အစိုးရတစ်ခုချင်းစီက မြန်မာစစ်ကောင်စီဆီ လေယာဉ်လောင်စာတွေ ရောင်းချမှုနဲ့ ထောက်ပံ့မှုတို့ကို ပစ်မှတ်ထားပြီးတော့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ကြားက စစ်ကောင်စီစာ သူတို့ရဲ့ လေတပ်ကို အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့နဲ့ ဒဏ်ရာရစေဖို့ အသုံးပြုနေတဲ့ လေကြောင်းလောင်စာဆီ ပုံမှန်ထောက်ပံ့မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခန်း (၇) အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာစစ်ကောင်စီကို လေယာဉ်လောင်စာဆီရောင်းချတာ၊ ဖြန့်ဖြူးရောင်းချတာတွေကို ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ပြဌာန်းဖို့ တရားဝင် အခွင့်အာဏာရှိပြီး ၁၉၆၆ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူမှု စနစ် ၃၁ ခုကို ထူထောင်ခဲ့ပြီး အများစုမှာ ကောင်စီက လူ့အခွင့်အရေးကို ကာကွယ်ဖို့ ထူထောင်ထားတယ်လို့ ဆိုပါတယ်။

Fortify Rights အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက “စစ်ကောင်စီရဲ့ ဂျက်လေယာဉ်များကို ရေရှည်ရပ်တန့်နိုင်လျှင် မြေပြင်မှာ မလိုအပ်တဲ့ သေဆုံးမှုတွေ တားဆီးနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့အကျပ်အတည်းကို အဆုံးသတ်နိုင်သွားမှာပါ။ စစ်ကောင်စီရဲ့စစ်ဗျူဟာမြောက် ပင်မအသက်သွေးကြောဖြစ်တဲ့ ပြည်ပကနေ တင်သွင်းလာသော လေယာဉ်လောင်စာဆီတွေအပေါ် မှီခိုအားထားနေရခြင်းကို အခုချက်ချင်းလုံးဝ ပိတ်ပင်ပစ်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013