
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်အဆင့်နဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ အုပ်ချုပ်ရေးကိစ္စတွေမှာ နာမည်ထွက်နေတာကြောင့် အထူးသတိထားလုပ်ဆောင်ဖို့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သတိပေး ပြောဆိုသွားတယ်လို့ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ မနေ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ်ကိုလာတဲ့ ခရီးစဉ်မှာ မြို့နယ်နဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုသတိပေးခဲ့တာလို့ သိရပါတယ်။
မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တိုင်းဝန်ချုပ်က မနေ့ကရောက်လာတာ။ နေပြည်တော် အားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို အားလာပေးတာတဲ့။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့တွေ့တော့ သူက မော်လမြိုင်ကျွန်း(မော်ကျွန်း) အုပ်ချုပ်ရေးအဖွဲ့တွေ သတိထား(အထူး)သတိထားရမယ်။ နာမည်တွေထွက်နေတယ်။ အဓိကက လာဘ်စားတာနဲ့ ပြည်သူတွေအပေါ် အုပ်ချုပ်မှု မောက်မာတာကို ပြောသွားတာ။ အုပ်ကြီးတွေအကုန် ငြိမ်ကုတ်နေတာပဲ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်က ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့ကို လာမှာဖြစ်တာကြောင့် ရန်ကုန်-မော်လမြိုင်ကျွန်း-ဘိုကလေး ကားလမ်းမကြီးကို ၂ နာရီနီးပါး ပိတ်ထားခဲ့ပြီး စစ်ကောင်စီတပ်၊ ရဲတွေနဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့ခံ အမျိုးသမီးတယောက်က “အခုလိုပြောတယ်ဆိုတာက တော်တော်ဆိုးလာတာကြောင့်။ ဒီလို ပြောဆိုမှာကြားတာ ရှားတယ်။ မော်လမြိုင်ကျွန်း မြို့နယ်အဆင့်ကနေ အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာအထိ နာမည်ထွက်နေတာတင်မဟုတ်ဘူး၊ ပြည်သူကို ခွေးလိုဆက်ဆံနေတာ။ အုပ်ချုပ်ရေးမှူးတွေက ပိုဆိုးတယ်။ ပြည်သူကို ရိုက်တယ်။ ဟိုအကြောင်းပြ ဒီအကြောင်းပြ ငွေကောက်တယ်။ ဖမ်းဆီးအပြစ်ပေးရမှာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းထောက်ပံ့ကြေး ကောက်တာ၊ အရပ်သားတွေကို ရိုက်နှက်တာ၊ ကင်းကြေးကောက်တာ၊ ဧည့်စာရင်းစစ် ငွေသိန်းချီ ဒဏ်ရိုက်တာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိကလုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်ဟာ ကျေးရွာအုပ်စု ၁၀၀ ကျော်နဲ့ ရပ်ကွက် ၂၀ နီးပါး၊ ကျေးရွာပေါင်း ၆၀၀ ကျော်အထိရှိတဲ့ မြို့နယ်ဖြစ်ပြီး အုပ်ချုပ်ရေးစနစ် ကျယ်ပြန့်တာကြောင့် အောက်ခြေအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေက အခုလို ထင်တိုင်းလုပ်နေတာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။











