DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက သတင်းအချက်အလက်နှင့် နည်းပညာကို လက်နက်သဖွယ်အသုံးပြုနေဟု မြန်မာ သံအမတ်ကြီးပြော 
DVB
·
October 30, 2024
စစ်အုပ်စုက သတင်းအချက်အလက်နှင့် နည်းပညာကို လက်နက်သဖွယ်အသုံးပြုနေဟု မြန်မာ သံအမတ်ကြီးပြော 
Donate to DVB

မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းစစ်အုပ်စုက သတင်းအချက်အလက်နဲ့ နည်းပညာကို ပြည်သူလူထုအပေါ် လူမဆန်စွာ နှိမ်နင်းရေးအတွက် လက်နက်သဖွယ်အသုံးပြုနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ “အခြားလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုမှာ သံအမတ်ကြီးက ခုလိုပြောလိုက်တာပါ။

စစ်အုပ်စုဟာ အဖန်တလဲလဲ ကျင့်သုံးလာတဲ့ ဆင်ဆာပိတ်ပင်မှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ   အင်တာနက်ဖြတ်တောက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်းနဲ့ အဆိုးရွားဆုံး လုပ်ဆောင်ချက်ကတော့ နယ်စပ်ဒေသတွေမှာ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့တွေ ဖြစ်ပေါ်လာစေရေးအတွက် အားပေးနေတာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သတင်းအချက်အလက်နဲ့ နည်းပညာစွမ်းအားဟာ ပြည့်မီ လုံလောက်တဲ့ လုပ်ဆောင်နိုင်မှုမရှိသေးကြောင်းနဲ့ သတင်းအချက်အလက်တွေ ဆက်သွယ် ချိတ်ဆက်မှုက အဖွဲ့ဝင်နိုင်ငံတွေ အားလုံး ချိတ်ဆက်မှုရှိနေတာကြောင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ နိုင်ငံတွေနဲ့ မလုပ်ဆောင်နိုင်သေးတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအကြား ကွာဟမှုက တကမ္ဘာလုံးကို ထိခိုက်မှုရှိကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒီကွာဟချက်ကို ဖြေရှင်း ဆောင်ရွက်ရမယ်လို့လည်း သံအမတ်ကြီးက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းယူပြီးနောက် နယ်စပ်ဒေသတွေမှာ စစ်အုပ်စု ဩဇာခံ ပြည်သူ့စစ် အဖွဲ့တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ဒေသတွင်း ဆိုက်ဘာရာဇတ်ဝတ်မှု ကျူးလွန်သူတွေက ဆိုက်ဘာမှုခင်း ကျူးလွန်မယ့် ကွန်ပေါင်းတွေ တည်ထောင်လာကြသလို စစ်တပ်အရာရှိကြီးတွေ အပါအဝင် တာဝန်ရှိသူတွေ ကိုယ်တိုင် ဆိုက်ဘာလိမ်လည်မှုတွေမှာ ပါဝင်နေတာ၊ ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူမှုတွေကို ကျူးလွန်တာမျိုးတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်ပိတ်ပင်ခံရပြီး တရားဥပဒေစိုးမိုးမှုမရှိတဲ့ အချိန်မှာ စစ်အုပ်စု ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်တဲ့အပြင် အားလုံးပါဝင်ခြင်း အလျှင်းရှိမှာ မဟုတ်ဘူးလို့လည်း သံအမတ်ကြီးက ဆိုပါတယ်။

မြန်မာပြည်သူတွေ အနေနဲ့လည်း အဲဒီအတုအယောင် ရွေးကောက်ပွဲကို ပြင်းထန်စွာ ကန့်ကွက်သွားမှာဖြစ်သလို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ ထပ်တူ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးဖို့လည်း  တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013