DVB Logo
Home
Lead Story
ကတိအတု၊ တပ်မတော်အတု၊ အစိုးရအတု၊ ရွေးကောက်ပွဲအတုနဲ့ ဒီမိုကရေစီအတု
DVB
·
October 30, 2024
ကတိအတု၊ တပ်မတော်အတု၊ အစိုးရအတု၊ ရွေးကောက်ပွဲအတုနဲ့ ဒီမိုကရေစီအတု
Donate to DVB

မြန်မာနိုင်ငံမှာ တပ်မတော်အစစ်အမှန် ပျောက်ဆုံးသွားခဲ့ရတာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းလိုက်ကတည်းကလို့ ဆိုရင် မမှားနိုင်ပါဘူး။ မြန်မာ့လွတ်လပ်ရေးကို အရယူဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို အကျင့်သီလယုတ်ညံ့တဲ့ ခေါင်းဆောင်ဆိုး ဗိုလ်ချုပ်နေဝင်း ဦးစီးခွင့်ရသွားခဲ့တာမို့ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ ပြည်သူက ရွေးကောက်ထားတဲ့ ပါလီမန် အရပ်သားအစိုးရထံကနေ လုယူခဲ့ကြတဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစလို့ မြန်မာ့တပ်မတော် အစစ်အမှန်ဟာ ကွယ်လွန်‌ပျောက်ဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင် တပ်မတော်အစစ် ကွယ်လွန်သွားပြီးတဲ့နောက် တပ်မတော်အတုနဲ့ အတူ တခြားအတုများစွာဟာ အဲဒီကာလမှာ စတင်ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ စစ်အခွင့်ထူးခံ ဓားပြ ဗိုလ်နေဝင်း တီထွင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အတုကြီးနဲ့ ပုဂ္ဂလိကပိုင် ဥစ္စာဓနတွေကို ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ မျက်နှာဖုံးစွပ်ပြီး ဓားပြတိုက် လုယက်ခဲ့တာမို့ စစ်တပ်ဟာ ခိုးဆိုးလုနိုက် ဓားပြတပ်အသွင် စတင်ပြောင်းလဲခဲ့တာပါပဲ။

အဲဒီနောက်တော့ အနှစ် ၂၀ ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းအတုတွေ၊ ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်အတုတွေနဲ့ စစ်ဓားပြဗိုလ်တွေဟာ ပြည်သူ့ဘဏ္ဍာတွေ ခိုးယူလို့ ချမ်းသာကြွယ်ဝသွားကြပါတယ်။ အရှုံးပေါ်လာတဲ့ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံတွေကနေ အယောင်ပြ စံပြလုပ်သားအတုတွေ၊ လူရည်ချွန်အတု၊ ခေါင်းဆောင်အတုတွေကို တရစပ် မွေးထုတ်ပေးခဲ့တော့တာပါပဲ။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအတုကို လိမ်ညာပြဋ္ဌာန်းခဲ့သလို သမဝါယမအတုနဲ့ ပြည်သူကို ဒုက္ခပေးခဲ့ပြန်ပါသေးတယ်။ မှားယွင်းတဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့‌ သေနတ်ပြောင်းအောက်က အုပ်ချုပ်ရေးစနက်ကြောင့် သယံဇာတဝပြောတဲ့ တိုင်းပြည်ဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ စာရင်းဝင်ခဲ့ရတာ ဖြစ်တယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာ ဆင်းရဲတွင်း အလွန်နက်လာတာမို့ မခံရပ်နိုင်တဲ့အဆုံး ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အတု မျက်နှာဖုံးကို ခွာချခဲ့တာမို့ အစွယ်ပြူးပြူးနဲ့ စစ်ဘီလူးမျက်နှာကြီး ပေါ်လာခဲ့ပါတော့တယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို လက်နက်နဲ့ ရက်စက်စွာ ဖြိုခွင်းပြီး တဖန် အာဏာလုယူခဲ့ကြတဲ့ စစ်ဘီလူး သန်းရွှေတို့ အုပ်စုဟာလည်း ပါတီစုံရွေးကောက်ပွဲအတုနဲ့ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ကတိအတုတွေ ပေးခဲ့ကြပေမဲ့ ၁၉၉၀ မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သူတို့ပေးထားခဲ့တဲ့ ကတိအတုကိုဖျက်ပြီး  အာဏာလွှဲမပေးဘဲ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအတုကို ၁၈ နှစ်နီးပါးကြာအောင် အချိန်ယူ ရေးဆွဲပြီး တိုင်းပြည်သယံဇာတတွေ ရောင်းစားလို့ အပူစာစား ချမ်းသာကြွယ်ဝသွားခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတုနဲ့ နောက်ထပ် အယောင်ပြ အထွေထွေရွေးကောက်ပွဲ အတုကို ၂၀၁၀ ခုနှစ်မှာ အဓိကပြိုင်ဘက်မပါဘဲ သိက္ခာမဲ့အနိုင်ယူပြီး စစ်ဘောင်းဘီချွတ် အရပ်သားအစိုးရအတုကို ဖွဲ့စည်းပြီး မိဘပြည်သူများခံဗျားလို့ ပြောတတ်တဲ့ စစ်မိစ္ဆာ သိန်းစိန်ဟာ ပြည်သူလူထုကို နောက်ကျောကနေ ဓားတဆုံးထိုးသွင်း လိမ်ညာခဲ့လို့ အုပ်ချုပ်ခဲ့ပြန်ပါတယ်။

အဲဒီကနေ ၂‌‌၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက် ပြည်သူ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယှဉ်ပြိုင်တဲ့အခါမှာတော့ ခုဂဏန်း ရာခိုင်နှုန်းသာ မဲရပြီး ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့တာမို့ အရှုံးကို ဝန်မခံဘဲ သမ္မတရူး မင်းအောင်လှိုင်က လက်နက်အားကိုးနဲ့ မိုက်ကြေးခွဲလို့ အာဏာကို တတိယအကြိမ် လုယက်ခဲ့ကြပြန်တာ မဟုတ်လား။ အခုလည်း ပြိုင်ဘက်တွေကို ဖမ်းဆီးထောင်ချ သတ်ဖြတ်ပြီး ပြိုင်ဘက်မပါတဲ့ အထွေထွေရွေးကောက်ပွဲအတု နောက်တခုလုပ်ပြီး စစ်အာဏာကို ခိုင်မြဲစေဖို့ သန်းခေါင်စာရင်းအတုကို ကောက်ယူဟန်ပြနေပါတယ်။ တကယ်တော့ ပြည်တွင်းစစ် မီးတောက်ကြီး တနိုင်ငံလုံးမှာ လောင်မြိုက်နေတာမို့ မငြိမ်းချမ်းနိုင်ငံတဝန်းမှာ နယ်မြေ စုစုပေါင်း ၈၆ ရာနှုန်းကို မစိုးမိုးနိုင်ဘဲ လူဦးရေစာရင်း ကောက်တယ်ဆိုတာ အရှက်မဲ့တဲ့ သန်းခေါင်စာရင်းအတုပဲ ထွက်လာမှာ အားလုံးအသိ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြည်သူလူထုနဲ့ နိုင်ငံတော်ရဲ့ ရန်သူတော်စစ်စစ်ဖြစ်တဲ့ ကတိအတုတွေ ပေးတတ်တဲ့ တပ်မတော်အတုကြီးဖြစ်တဲ့ စစ်မကောင်းဆိုးဝါးတပ်က သူတို့အာဏာတည်မြဲဖို့ လုပ်ချင်ကြတဲ့ ရွေးကောက်ပွဲအတုဟာ ‌ လက်တွေ့ကျင်းပနိုင်မယ်၊ မကျင်းပနိုင်ဘူး ဆိုတာ ဘယ်သူမှ တိတိကျကျ မခန့်မှန်းနိုင်ပေမဲ့ တကယ်လို့များ ဇွတ်ကျင်းပနိုင်ခဲ့ရင်လည်း ရွေးကောက်ပွဲအတုရဲ့ ရလဒ်အဖြေဟာ အစိုးရအတုနဲ့ ဒီမိုကရေစီအတုကိုသာ ကိုယ်စားပြုပြီး ဂုဏ်ကျက်သရေမဲ့စွာနဲ့ ပြည်သူလက်မခံတဲ့ သမိုင်းဆိုး အမည်းရိပ်ကြီး ဆက်ထိုးခံရမှာမို့ ပျက်သုဉ်းရမှာ မလွဲဧကန် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013