
အစ္စရေးဟာ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည် အေဂျင်စီ UNRWA ကို နိုင်ငံတွင်းမှာ လုပ်ငန်းလည်ပတ်မှု မပြုလုပ်ဖို့ တားမြစ်လိုက်တဲ့ ဥပဒေတရပ်ကို အောက်တိုဘာ ၂၈ ရက် တနင်္လာနေ့မှာ အတည်ပြုလိုက်ပြီး ဒါဟာ စစ်ဘေးသင့် ဂါဇာမှာ ဒုက္ခသည်ကူညီရေးလုပ်ငန်းကို သက်ရောက်မှုရှိစေမယ့် ဥပဒေလည်း ဖြစ်ပါတယ်။
ဥပဒေကို ရေးဆွဲတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်က အစ္စရေးတောင်ပိုင်း တိုက်ခိုက်မှုမှာ UNRWA မှ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေမှုနဲ့ ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေမှာ အဖွဲ့ဝင်ဖြစ်နေတဲ့ UNRWA ဝန်ထမ်းတွေ ရှိနေတယ်လို့ ကိုးကားဖော်ပြထားပါတယ်။
အစ္စရေး လွှတ်တော်အမတ် ရှာရန် ဟက်စ်ကဲလ်က “တကယ်လို့ ကုလသမဂ္ဂက ဒီအဖွဲ့အစည်းကို အကြမ်းဖက်ဝါဒ၊ ဟားမတ်စ် တက်ကြွလှုပ်ရှားသူတွေဆီကနေ ရှင်းပစ်ဖို့ ဆန္ဒမရှိရင်၊ သူတို့ရဲ့ ပြည်သူတွေကို နောက်တကြိမ်တွေမှာ မထိခိုက်နိုင်စေရေးကို သေချာအောင် ဆောင်ရွက်ပေးရမယ်” လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းဟာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFO)လို၊ UNICEF လို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးရာမှာသင့်တော်တဲ့ အဖွဲ့အစည်းတွေကို အသုံးပြုတယ် ဆိုတာကို သေချာအောင် လုပ်ထားလို့ရကြောင်းလည်း ဟက်စ်ကဲလ် က ပြောဆိုပါတယ်။
ဒီတားမြစ်ချက်ဟာ ပါလက်စတိုင်းနယ်မြေတွေ သို့မဟုတ် တခြားနေရာတွေက စစ်ဆင်ရေးတွေကိုတော့ ရည်ညွှန်းခြင်း မဟုတ်ပါဘူး။
မဲမခွဲခင်မှာ UNRWA ပြောရေးဆိုခွင့်ရှိသူက အဆိုပြုထားတဲ့ ဥပဒေဟာ ဂါဇာကမ်းမြောင်နဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီဥပဒေဟာ နိုင်ငံခြားမှာ အသိအမှတ်မပြုတဲ့ လှုပ်ရှားမှုတခုအဖြစ် အစ္စရေးက သိမ်းပိုက်ခဲ့တဲ့ ရှေ့ဂျေရုဆလင်ရှိ UNRWA အဖွဲ့ အစည်းများအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်တာပါ။
အစ္စရေးဟာ ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျော့ပါးစေဖို့နဲ့ အိုးအိမ်စွန့်ခွာသွားရသူတွေအတွက် အကူအညီတွေ ပိုမိုရရှိရေး လုပ်ဆောင်နေရာမှာ ပြင်းထန်တဲ့ နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ဒီဥပဒေကြောင့် အစ္စရေးက ဟားမတ်စ် စစ်သွေးကြွတွေကို တစ်နှစ်ကြာ တိုက်ခိုက်နေတဲ့ ဂါဇာမှာ ဆိုးရွားနေပြီးသား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ပိုမိုဆိုးရွားလာမှာကို ကုလသမဂ္ဂနဲ့ အနောက်မဟာမိတ်တချို့ကို စိုးရိမ်ထိတ်လန့်စေခဲ့ပါတယ်။
ဥပဒေမပြဋ္ဌာန်းခင်မှာ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်နဲ့ တောင်ကိုရီးယား၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အလွန်စိုးရိမ်ကြောင်း ဖော်ပြတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
Source-Reuters











