DVB Logo
Home
နိုင်ငံတကာ
အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် နုတ်ထွက်ရန် အတိုက်အခံများ ဆန္ဒပြ 
DVB
·
May 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အယ်လ်ဘေးနီးယားနိုင်ငံ၊ တီရာနာမြို့မှာ မေ ၈ ရက် နှောင်းပိုင်းက အတိုက်အခံ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရဆန့်ကျင်ရေး ချီတက်သူတွေက ပြည်ထဲရေးဝန်ကြီးဌာနဆီ ဦးတည်ပြီး ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။ 

ဒီဆန္ဒပြပွဲကို အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဦးဆောင်တာဖြစ်ပြီး ဝန်ကြီးချုပ် အီဒီရာမာကို အကျင့်ပျက်ခြစားမှုတွေနဲ့ စွပ်စွဲကာ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ရုံးရှေ့မှာ အစပြု ဆန္ဒပြခဲ့ကြပြီးနောက် ပြည်ထဲရေးဝန်ကြီး ဌာနဘက်ကို ချီတက်ခဲ့ကြပေမဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့ခဲ့ပါတယ်။ 

ဆန္ဒပြပွဲမှာပါဝင်သူ အာတီဒရီဗာတားက “ကျနော်တို့ဟာ ကျနော်တို့ရဲ့ အနာဂတ်နဲ့ အခွင့်အရေးတွေ အတွက် ဆန္ဒပြနေတာပါ။ ဒီမှာက ဘာအခွင့်အရေးမှ မရှိတော့ဘူး။ အခြေအနေတွေက လုံးဝ ပုံမှန် မဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။ 

အလားတူပဲ ဆန္ဒပြသူ ရှိုင်ကူရီမာတိုလာရီကလည်း “ဒီအစိုးရဟာ အစိုးရယန္တရားထဲမှာ ရာဇဝတ်မှုတွေကို ပေါင်းထည့်ထားတာပါ။ နောက်ပြန်ကြည့်ရင် မြို့တော်ဝန် ဘယ်နှယောက် ရာထူးကဖယ်ရှားခံခဲ့ရတယ်။ လွှတ်တော်အမတ်နဲ့ ဝန်ကြီးဘယ်နှယောက် ပြစ်ဒဏ် ချခံခဲ့ရတယ်ဆိုတာ တွေ့နိုင်တယ်။ ဒါတွေက အုပ်ချုပ်နေတဲ့ ဆိုရှယ်လစ်ပါတီထဲမှာ ရာဇဝတ်မှုတွေ   စိမ့်ဝင်နေပြီဆိုတာ ပြဖို့ လုံလောက်တဲ့ သက်သေတွေပါပဲ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဝန်ကြီးချုပ်ရဲ့ လက်ထောက်ဖြစ်သူ ဘယ်လင်ဒါ ဘာလူကူဟာ အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေမှာ ကုမ္ပဏီတချို့ကို မျက်နှာသာပေးပြီး တင်ဒါတွေ ကြားဝင်စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရပြီးနောက်ပိုင်း နိုင်ငံရေးတင်းမာမှုတွေ ပိုဆိုးလာခဲ့တာပါ။ဘာလူကူကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ 

သူဟာ ရာထူးကနေ နုတ်ထွက်သွားပြီ ဖြစ်ပေမဲ့ ဝန်ကြီးချုပ် ရာမာရဲ့ ပါတီက အများစု ထိန်းချုပ်ထားတဲ့ လွှတ်တော်ကတော့ ဘာလူကူကို ဖမ်းဆီးခွင့်ရဖို့အတွက် သူ့ရဲ့ ကင်းလွတ်ခွင့်ကို ရုပ်သိမ်းပေးဖို့ ငြင်းဆိုထားပါတယ်။ 

အယ်လ်ဘေးနီးယားနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဥရောပသမဂ္ဂဘက်ကတော့ အယ်လ်ဘေးနီးယားအနေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အခုထက်ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013