DVB Logo
Home
Lead Story
ရန်သူကို လျှော့မတွက်ဘဲနဲ့ တော်လှန်ရေးကို သတိဝီရိယထားလုပ်ဖို့ လိုပြီ
DVB
·
October 26, 2024
ရန်သူကို လျှော့မတွက်ဘဲနဲ့ တော်လှန်ရေးကို သတိဝီရိယထားလုပ်ဖို့ လိုပြီ
Donate to DVB

လက်ရှိအခြေအနေဟာ ရန်သူတွေရဲ့ လှုပ်ရှားမှုတွေကို ပိုတိုးပြီး ချဉ်းကပ်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ အဲဒါတွေ မလုပ်ဘူးဆိုရင် အားလုံးဟာ နိုင်ငံရေးအပြောင်းအလဲနဲ့ စစ်ရေးဆိုင်ရာ အခြေခံတည်ဆောက်မှုတို့ကို တိုက်ရိုက်ကြီးမားစွာ သက်ရောက်နိုင်တာ သတိပြုပါ။ အကြောင်းကတော့ ရန်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် မူတည်ပြီး သူတို့ကိုယ်တိုင် တရားဝင်အစိုးရအဖြစ် ကြေညာဖို့ ကြိုးစားနေကြပါပြီ။ ရွေးကောက်ပွဲ ကြွေးကြော်သံဟာလည်း အခုလို နိုင်ငံရေးရေချိန် အတက်အကျ အခါကာလမှာ စတင်တော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ နိုင်ငံတကာပံ့ပိုးမှုများ

ရန်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ အခြေခံပြီး၊ မိမိတို့အပေါ် သက်ရောက်မှုရှိလာမယ့် အာဏာရှင်အစိုးရ တရားဝင်ဖြစ်ကြောင်း ကြေညာကာ ကမ္ဘာ့အသိုက်အဝန်းထံမှာ တရားဝင်အစိုးရအဖြစ် အကောင်းဘက်က ချီးမွမ်းခြင်းကို ရယူဖို့ ကြိုးပမ်းနေပါတယ်။  နိုင်ငံတကာ အသိုက်အဝန်း (UN, EU စသည်တို့) မှ နောက်ထပ်ပံ့ပိုးမှုတွေ ရရှိနိုင် ကြိုးစားအားထုတ်ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ရန်သူကို ရွေးကောက်ပွဲကိစ္စကို ဦးစားမပေးနိုင်အောင် စစ်ရေးလှုပ်ရှားမှုတွေ အနေနဲ့ ရန်သူကို အလုပ်များအောင် လုပ်ထားဖို့ လိုပါမယ်။ အင်အားပြုန်းတီးမှုတွေဖြစ်အောင် ဖန်တီးပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံက ရန်သူတွေကို စစ်ရေးနည်းပညာ၊ လူအင်အား၊ ငွေကြေးအင်အားတွေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ စစ်ဆင်ရေးကို သန်း ၃,၀၀၀ ထောက်ပံ့ကာ ငွေချေးပေးနေပါပြီ။ ရုရှားကလည်း လက်နက်တွေနဲ့ နည်းပညာပံ့ပိုးမှုတွေ၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည်တို့ကလည်း ရန်သူကို မသိမသာ ကျောထောက်နောက်ခံပေးလာတာ စိုးရိမ်စရာ အခြေအနေပါ။ ဒါကြောင့် ပြည်တွင်းက လူထုတွေဟာ အလွယ်တကူ ရန်သူရဲ့ ကစားကွက်အတွင်း ရှောင်ကွင်းမရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာရဖွယ် ရှိပါတယ်။

အရန်စစ်သားများနဲ့ ပြည်တွင်းအခြေအနေ

ရန်သူတွေဟာ အကြိမ်ကြိမ်သော စစ်မှုထမ်းဆွဲခေါ်မှုတွေနဲ့ လက်နက်တပ်ဆင်ပေးခြင်းတွေကို ပြည်သူကို ဖိအားပေးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ လုပ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ အရန်အင်အား စစ်သားတွေဟာ စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းနေကြရပါပြီ။ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာလည်း အခုထက်ပိုပြီး ပြည်သူကို ဒုက္ခပိုပေးနိုင်အောင် လုပ်ဆောင်နေတာ သိသာပါတယ်။

ဒါ့အပြင် စစ်စခန်းတွေကို ရန်သူတွေက အသုံးပြုနေတဲ့အချိန်မှာ လက်နက်ကြီးပစ်ကူ အလုံအလောက် ပစ်မပေးနိုင်ပါဘူး။ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်း မလုံလောက်သော အနေအထားတွေ ဖြစ်နေပါတယ်။ ဒါကြောင့် မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စတဲ့မြို့တွေကို ဆက်လက်ထိန်းချုပ်ထားနိုင်နေဆဲဖြစ်ပြီး လေဆိပ်တွေ၊ ရေတပ်စခန်းတွေကိုလည်း အများစု ဆက်လက်ထိန်းသိမ်းထားပါတယ်။ စစ်ဌာနချုပ်တွေကိုလည်း ထိန်းချုပ်ထားတဲ့ အခြေအနေပါ။ တော်လှန်ရေးအစိုးရ NUG အနေနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

ပြည်သူ့အသိဉာဏ်အရေးတလျှောက်

လက်ရှိမှာ ပြည်သူအများစုရဲ့ စားဝတ်နေရေး မပြေလည်ခြင်းနဲ့အတူ အခြေခံ ကုန်ကြမ်းဈေးတွေဟာ အလွန်အမင်း ဒီရေတက်သလို တက်ပြီး အငတ်ဘေးအထိ ဆိုက်ရောက်နေကြရတဲ့ အခြေအနေအထိ ရောက်လာပါပြီ။ ကျန်းမာရေးချို့တဲ့ကာ နာမကျန်းမှုတွေ ဖြစ်လာတဲ့အတွက် လူတွေကလည်း စိတ်ဓာတ်တွေ ပျက်ပြားပြီး တယောက်နဲ့တယောက် အပြစ်မြင်လာကြကာ မေတ္တာတွေ ပျက်ပြယ်လာကြပါတယ်။ ဒါပေမဲ့ ပွဲလန့်တုန်း ဖျာခင်း၊ ခေတ်ပျက်ချိန်မှာ တရားမဝင်စီးပွားဖြစ်နေသူတွေကတော့ လက်ရှိအခြေအနေကို အဆင်ပြေတဲ့ ပုံစံအမျိုးမျိုးနဲ့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုပြီး ကြိတ်ပုံးခုတ်နေကြလေရဲ့။

ဒီအခြေအနေမှာ ရန်သူရဲ့ အားနည်းချက်တွေကို မျက်ခြည်မပြတ် စောင့်ကြည်ပြီး စု တည် သုံး လုပ်ကြဖို့ လိုပါမယ်။ ရန်သူဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ဘက်က တော်လှန်တိုက်ခိုက်မှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်နှိမ်နင်းဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ တော်လှန်ရေးရဲဘော်တွေအနေနဲ့ တပ်ပေါင်းစုဖွဲ့ဖို့နဲ့ ၎င်းစစ်တပ်တွေနဲ့တူ ပြည်တွင်းတိုက်ပွဲတွေကို အဆက်မပြတ် ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်သုံးသပ်တင်ပြရရင် တော်လှန်ရေးမှာ အားပေး အားယူခြင်းဟာ အင်မတန် အရေးကြီးပါတယ်။ တော်လှန်ရေးအတွင်း အားပေးမှုဟာ အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်တချို့က တက်ကြွပြီး အားမာန်ရှိပေမဲ့ နောက်လိုက်တွေမှာ အချိန်အကြာကြီး ပေးရမှုနဲ့အတူ အားမလိုအားမရ ဖြစ်လာတတ်ပါတယ်။ ခေါင်းဆောင်တွေက သူတို့မလိုက်နိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတဲ့အခါတွေမှာလည်း နောက်လိုက်တွေက စိတ်ပျက်လက်ပျက် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နောက်လိုက်တွေဟာ စိတ်ပြောင်းလဲသွားပါကလည်း တော်လှန်ရေးမှာ အားလျော့သွားနိုင်တာကို သတိချပ်ရပါမယ်။

တော်လှန်ရေးမှာ အားလုံးပါဝင်ရမယ်ဆိုတာ အကောင်းဆုံးဖြစ်ပေမဲ့ “ပြုတ်မနူး ဖုတ်မနူး” တို့ကို လုံးဝပါဝင်နိုင်အောင် စည်းရုံးရင်း အချိန်မဖြုန်းသင့်ကြောင်းလည်း အရေးတကြီး သတိပေးချင်ပါတယ်။

ဖက်ဒရယ်အရေး၊ နိုင်ငံရေးအရ တန်းတူရေးအတွက် သင့်တော်တဲ့ အဖွဲ့အစည်းတွေက ကတိကဝတ်တွေပေးပြီး ယုံကြည်စိတ်ချစွာ ပါဝင်လာပါက တော်လှန်ရေး အောင်မြင်နိုင်မှု အလားအလာတွေ အားကောင်းမောင်းသန် ဖြစ်လာပြီလို့ ယူဆရမှာပါပဲ။ အနည်းဆုံး ပါဝင်သူတွေက ၇၀ ရာခိုင်နှုန်းလောက် ပါလာရင် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် အတွက် စပြီး ဝုန်းလို့ ကြုံးလို့ ရပါပြီ။

နိုင်ငံတကာဆိုင်ရာ ကဏ္ဍတွေမှာလည်း အကြောင်းအခြေအနေအတိုင်း နိုင်မြင်းကိုပဲ ပုံအောကြတာပါ။ အဲဒီအတွက် အတိတ်က အမှားတွေကို ပြန်မလုပ်နိုင်အောင် ရှောင်ကြဉ်ကာ ထိရောက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ “ခိုးချင်တာ ပြာလို့ လက်နှေးတာလည်း ချာလို့” ဆိုတာ ထပ်ခါထပ်ခါ မဖြစ်စေချင်တော့ပါဘူး။

တဖက်ကလည်း အနားယူအပန်းဖြေကာ အိပ်နေတာမှ မဟုတ်ဘဲ၊ တခြားသော ကျောထောက်နောက်ခံ အကူအညီတွေနဲ့ အင်အား ထပ်ပိုးထားတဲ့ အခြေအနေတွေက အမြဲတမ်း ရှိနေတာ မဟုတ်လား။ ၂၀၂၅ ရွေးကောက်ပွဲကြီးကလည်း ခတ်ကွင်းတပြင်ပြင်နဲ့ မကြာသေးမီကမှ သန်းခေါင်စာရင်းကြီးကိုလည်း နေ့ခင်းဘက်ကြီး ဓာတ်မီးထိုးပြီး ကောက်သွားခဲ့ပါပြီကော။   ။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013