DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ပြည်ပကုန်ပစ္စည်းများ ရောင်းချခွင့်မပြုသဖြင့် ဈေးရောင်းသူများ အခက်တွေ့
DVB
·
October 25, 2024
စစ်ကောင်စီက ပြည်ပကုန်ပစ္စည်းများ ရောင်းချခွင့်မပြုသဖြင့် ဈေးရောင်းသူများ အခက်တွေ့
Donate to DVB

စစ်ကောင်စီက ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေ ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသူတွေကို ပို့ကုန်သွင်းကုန်ဥပဒေအရ ဖမ်းဆီးအရေးယူတာတွေ ရှိနေတာကြောင့် ပြည်ပကနေ ကုန်ပစ္စည်းမှာယူ ရောင်းချနေသူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဈေးရောင်းချနေသူတွေက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်က စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင် ကုန်သွယ်မှုတွေကြောင့် နိုင်ငံ့ဝင်ငွေကို ထိခိုက်မှုရှိတယ်လို့ ဆိုကာ လိုင်စင်မဲ့သွင်းကုန်တွေကို ဥပဒေအရ ဖမ်းဆီးစစ်ဆေး အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသူတွေကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ပုဒ်မ ၉ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးစစ်ဆေးမှုတွေ များလာတာကြောင့် ကုန်ပစ္စည်းပြတ်လပ်တာတွေ ရှိလာပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်မားလာနေသလို အရင်လို ပေါ်ပေါ်ထင်ထင် ရောင်းချတာတွေ မပြုလုပ်ရဲတော့ဘူးလို့ ဈေးရောင်းချနေသူတွေက ပြောပါတယ်။

“Online ပေါ်မှာတော့ တင်မရောင်းထားသေးဘူး၊ သတင်းတွေထွက်လာတော့လေ၊ ပစ္စည်းတွေကို အရင်ကလို ဖောဖောသီသီ တင်မရောင်းရဲတော့ဘူး၊ ကြောက်တာကို၊ စီးပွားရေးလုပ်နေတဲ့သူဆိုတော့ ကိုယ့်ရဲ့ အိမ်စရိတ် စားစရိတ် ကာနိုင်အောင်အတွက် စီးပွားရေးလုပ်တာလေ၊ အခုလို တရားမဝင်ဘူး လုပ်လိုက်တော့ အမတို့အတွက် အခက်အခဲ ဖြစ်တာပေါ့၊ သူတို့က ပြည်ပပစ္စည်းတွေကို တင်သွင်းခွင့်မပြုဘူးဆိုရင်လည်း ပြည်တွင်းက ပစ္စည်းတွေကို အမျိုးအစားကောင်းကောင်း၊ Quality မှန်တာလေးတွေ ထုတ်ပေးမယ် ဆိုရင်တော့ ရောင်းရတဲ့သူရော သုံးရတဲ့သူပါ မျက်နှာပန်းလှတယ်လေ။ အခုက ပြည်တွင်းမှာကလည်း သေချာ ကောင်းကောင်းမွန်မွန် မထုတ်နိုင်ဘဲနဲ့ ပြည်ပက ထုတ်ကုန်တွေကို ကန့်သတ်လိုက်တော့ အဆင်မပြေဘူးပေါ့။”

ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင် လျှောက်ထားတာဟာ တနှစ်လောက် ကြာမြင့်လာပြီ ဖြစ်ပေမဲ့လည်း အခုချိန်ထိ အကြောင်းမကြားသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ မန္တလေးမြို့က ကုန်စုံဆိုင်တွေ၊ ပစ္စည်းသိုလောင်ရုံတွေကိုလည်း ဖမ်းဆီး စစ်ဆေးတာတွေ ရှိနေပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ ရှိတယ်လို့ မန္တလေးဒေသခံတယောက်က ပြောပါတယ်။

“အရာရာ နိမ့်ကျနေတာဆိုတော့ မြန်မာပြည်က ပစ္စည်းကလည်း သုံးရတာ အဆင်မပြေဘူးလေ။ မပြေတဲ့အခါကျတော့ အဓိက ယိုးဒယားက ပစ္စည်းတွေကို သုံးရတာပေါ့ဗျာ။ ကျနော်တို့က တော်တော်လေး အကျပ်အတည်းဖြစ်တာပေါ့။ တချို့ပစ္စည်းတွေဆိုရင် လိုက်စစ်ဆေးတယ်၊ ကုန်စုံဆိုင်တွေကို ဒီမန္တလေးမှာတော့ စစ်တာဆေးတာ အရမ်းများတယ်။ နောက်ဆုံး တွေ့ခဲ့တယ်ဆိုရင်တောင် သက်သက် ငွေညှစ်တောင်းတာ။ ဒီပစ္စည်းတွေကိုသိမ်းမယ်၊ မသိမ်းစေချင်ရင် ပိုက်ဆံဘယ်လောက်ပေး ဆိုပြီးတော့ အဲလို ဓားပြတိုက်တာပေါ့နော်။”

မြန်မာနိုင်ငံရဲ့ ဈေးကွက်အနေအထားအရ ပြည်ပကကုန်ပစ္စည်းတွေကို အဓိကအားထား အသုံးပြုနေရတာဖြစ်ပြီး တရားမဝင်ကုန်ပစ္စည်းဆိုပြီး သတ်မှတ်လိုက်တာဟာ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောပါတယ်။

“ကုန်ပစ္စည်းတွေ ရှားပါးသွားမယ်၊ ရှိတဲ့ပစ္စည်းတွေကလည်း ဈေးကွက်ထဲက ပျောက်သွားပြီးတော့ သူ့ဟာနဲ့သူ လက်သင့်ရာ ဈေးကွက်တွေမှာ လိုအပ်တဲ့သူတွေက လိုက်ရှာပြီးတော့ ဝယ်ရတဲ့ အခြေအနေကို ရောက်သွားမယ်။ အဓိကကတော့ ပြည်သူတွေ ဒုက္ခရောက်အောင်နဲ့ အကျဉ်းအကျပ် ဖြစ်သွားပြီးတော့ ဒီ တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို အပြစ်တင်လာတဲ့ အခြေအနေမျိုးတရပ်၊ အဲလိုအနေအထားမျိုး ဖြစ်လာအောင် လုပ်တဲ့ အနေအထားတရပ် ဖြစ်တယ်လို့ ပြောလို့ရတယ်။”

ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း အများစုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေဟာလည်း လည်ပတ်နိုင်တာ မရှိတော့ပါဘူး။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ၂၀၂၂ ခုနှစ်ဆန်းကနေ အခုနှစ် ဩဂုတ်လကုန်အထိ ကျပ်ဘီလီယံပေါင်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ မှောင်ခိုကုန်သွယ်မှုပေါင်း ၁၄,၆၅၉ အထိ ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013