DVB Logo
Home
နိုင်ငံတကာ
အကျဉ်းစံ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်က 1MDB ငွေကြေးအရှုပ်တော်ပုံကိစ္စ တောင်းပန်
DVB
·
October 25, 2024
အကျဉ်းစံ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်က 1MDB ငွေကြေးအရှုပ်တော်ပုံကိစ္စ တောင်းပန်
Donate to DVB

အကျဉ်းချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ မလေးရှားဖွံ့ဖြိုးရေး ဘာဟဒ်အများပိုင်လိမိတက်ကုမ္ပဏီ (1MDB) ငွေကြေးအရှုပ်တော်ပုံကို ကိုင်တွယ်မိခဲ့မှုအတွက် အောက်တိုဘာ ၂၄ ရက်မှာ ပထမဆုံးအကြိမ် တောင်းပန်လိုက်ပြီး အခုခါ ပျက်ပြယ်သွားတဲ့ နိုင်ငံတော်ရန်ပုံငွေမှ တရားမဝင် ရန်ပုံငွေ လွှဲပြောင်းခြင်း ဆိုင်ရာ ကိစ္စရပ်တွေကိုတော့ ဆက်လက်ငြင်းဆိုခဲ့ပါတယ်။

ကွာလာလမ်ပူမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့သားဖြစ်သူ မိုဟာမက် နီဇာဖတ်ကြားပြတဲ့စာထဲမှာ အသက် ၇၁ နှစ်ရှိ နာဂျစ်ဟာ 1MDB အရှုပ်တော်ပုံကို ကိုင်တွယ်ခဲ့တဲ့အတွက် နောင်တရကြောင်း ဖော်ပြခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ 1MDB အကျပ်အတည်းဟာ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ် အဖြစ် ရှိနေတုန်းမှာ ဖြစ်ပျက်ခဲ့တာကို သိရတဲ့အတွက် နေ့တိုင်း နာကျင်ခံစားရပြီးတော့ အဲဒါအတွက် မလေးရှားပြည်သူတွေကို တောင်းပန်ချင်ပါတယ်လို့ နာဂျစ်က ပေးစာထဲမှာ ပြောထားပါတယ်။

သူ စတင်လုပ်ဆောင်ခဲ့တာလည်း မဟုတ်၊ သိသိကြီးနဲ့ ကျူးလွန်ခဲ့တာလည်း မဟုတ်တဲ့ ကိစ္စရပ်တွေအတွက် တရားဝင် တာဝန်ယူခံရခြင်းဟာ သူ့အတွက် မတရားဘူးလို့လည်း ဆိုပါတယ်။

တရားစီရင်ရေး လုပ်ငန်းစဉ်ဟာ နောက်ဆုံးမှာ သူ့ရဲ့ အပြစ်ကင်းကြောင်းကို သက်သေပြနိုင်ပါစေလို့ မျှော်လင့်ကြောင်းလည်း နာဂျစ်ရဲ့ ပေးစာကို သူ့သားက ဖတ်ပြသွားပါတယ်။ 

မလေးရှားအစိုးရဟာ တချို့ပြစ်မှုတွေအတွက် အစားထိုး ပြစ်ဒဏ်အဖြစ် နေအိမ်အကျယ်ချုပ်ကို ခွင့်ပြုပေးနိုင်မယ့် ဥပဒေသစ်ကို လာမယ့်နှစ်မှာ အဆိုပြုမယ်လို့ ပြောခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ  နာဂျစ်ရဲ့ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

နာဂျစ်ဟာ သူ  ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန် ၂၀၀၉ ခုနှစ်မှာ 1MDB ဆိုတဲ့ အများပိုင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တာဖြစ်ပြီး ရန်ပုံငွေရဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်ကို အလွဲသုံးစားလုပ်မှုအပေါ် အမေရိကန်နဲ့ ဆွစ်ဇာလန်အပါအဝင် အနည်းဆုံး နိုင်ငံ ၆ ခုမှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာ မလေးရှားထိပ်တန်းတရားရုံးဟာ 1MDB ရဲ့ ယူနစ်ဟောင်းဖြစ်တဲ့ SRC အင်တာနေရှင်နယ်မှ ဒေါ်လာ ၁၀ သန်းလောက်ကို တရားမဝင် ရယူမှုအတွက် နာဂျစ်ကို အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးခဝါချမှု တွေမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ် စီရင်ချက်ချခဲ့ပါတယ်။ နောက်ပိုင်းမှာ မလေးရှားဘုရင်ဟောင်း ဦးဆောင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဘုတ်အဖွဲ့က  ပြစ်ဒဏ်ကို ထက်ဝက် လျှော့ချပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013