DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ကုန်စိမ်းဈေး မြင့်တက်ပြီး ပစ္စည်းပြတ်တောက်နေ
DVB
·
October 24, 2024
မြိတ်မြို့တွင် ကုန်စိမ်းဈေး မြင့်တက်ပြီး ပစ္စည်းပြတ်တောက်နေ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ကုန်စိမ်းဈေးနှုန်းတွေ ၂ ဆလောက် မြင့်တက်လာပြီး တချို့ကုန်စိမ်းတွေမှာ ဝယ်ယူဖို့ မရှိသလောက် နည်းပါးလာတယ်လို့ မြိတ်မြို့ခံပြည်သူတွေက ပြောပါတယ်။

မြိတ်-ပုလော ကားလမ်းပိတ်ပြီး နောက်ပိုင်းမှာ ကုန်စိမ်းဈေးနှုန်း တက်လာတာဖြစ်ပြီး အရင်က ခရမ်းချဥ်သီး တပိဿာဈေးနှုန်းမှာ ၃,၅၀၀ ကျပ် ရှိရာကနေ ကားလမ်းပိတ်ပြီး နောက်မှာ ကျပ် ၁၀,၀၀၀ အထိ ဈေးတက်သွားသလို ငရုတ်သီး တပိဿာဈေနှုန်းမှာ ကျပ် ၅၀,၀၀၀ လောက်အထိ ဈေးတက်သွားတယ်လို့ ပြောပါတယ်။

မြိတ်မြို့ခံ အမျိုးသမီးတယောက်က “ဟိုတနေ့က ဈေးဝယ်တာ ခရမ်းသီးတလုံး ၁,၀၀၀ ဆိုတော့ မဝယ်ဘဲ ပြန်လာရတယ်။ ခရမ်းသီးအလုံးသေးလေးတောင် တလုံး ၅၀၀ ပါ။ ဒါတောင် နောက်နေ့ရောင်းဖို့ မရှိတော့ဘူးတဲ့။ တချို့ဈေးဆိုင်တွေ ပိတ်ထားရတယ်” လို့ ပြောပါတယ်။

ကားလမ်းပိတ်ပြီးနောက်မှာ ရန်ကုန်ဘက်က ဆင်းလာတဲ့ ကုန်ကားတချို့ဟာ ပုလောဘက်ကနေ ကုန်စိမ်းပစ္စည်းတွေကို ရေလမ်းကတဆင့် မြိတ်မြို့ကို ပို့ဆောင်ရတဲ့အတွက် သယ်ယူပို့ဆောင်ခ ဈေးနှုန်းက ကုန်းလမ်းနဲ့ ရေလမ်းအတွက်ပါ ပေးဆောင်ရတာကြောင့် ကုန်စိမ်းဈေးနှုန်းတွေက ပိုများလာတာလို့ ပြောပါတယ်။

ဒေသခံတယောက်က “ကုန်စိမ်းတွေက မြိတ်မြို့နယ်ကထွက်တာ မဟုတ်ဘဲ အထက်ဘက်က ကုန်ကားနဲ့ သယ်လာတာလေ။ ကားလမ်းပိတ်ရင် ကုန်စိမ်းပဲတက်တာ။ ရန်ကုန်က ဆင်းလာတဲ့ကားတွေ ပိတ်မိနေတော့ လှေနဲ့တဆင့် ပြန်ပို့ပေးတာပါ။ တချို့ပစ္စည်းတွေက လှေနဲ့တဆင့်မပို့ဘူး။ ပို့ခဈေးကြီးတော့လေ။ နှစ်ဆင့်ဈေးနဲ့ ပြန်ရောင်းတော့ အရှုံးပေါ်တယ်၊ ဈေးတက်တော့လည်း အပြစ်သွားပြောမရဘူး။ သူတို့မှာ ကားနဲ့လှေသယ်ခ နှစ်ခါပေးရတာ ဆိုတော့ ဈေးများတာပေါ့။ သိုလှောင်ထားတဲ့သူတွေက ဈေးတင်ရောင်းတော့ တဆင့်ခံ ဝယ်ယူရောင်းချတဲ့သူတွေလည်း အမြတ်နည်းတော့ ဝယ်မရောင်းကြတော့ဘူး” လို့ ပြောပါတယ်။

တချို့ကုန်စိမ်းတွေဖြစ်တဲ့ ဂေါ်ဖီထုပ်လို ကုန်စိမ်းတွေမှာ ဝယ်ယူလို့မရလောက်အောင် ရှားပါးနေပြီး ဈေးနှုန်းကလည်း တထုပ်ကို ကျပ် ၄,၀၀ဝ ကျော်အထိ တက်လာတာကြောင့် အဆိုပါကုန်စိမ်းအပေါ် မူတည်ပြီး လုပ်ငန်းလုပ်ကိုင်နေကြသူတွေမှာလည်း ထိခိုက်မှုရှိတယ်လို့ ပြောပါတယ်။

“ဂေါ်ဖီထုပ်၊ ငရုတ်သီးစိမ်းတွေ ရှားပါးနေတာ။ တချို့အသုပ်ဆိုင်တွေမှာ ဂေါ်ဖီထုပ် ဝယ်မရတော့ လက်ဖက်သုပ်တွေမှာတောင် ဂေါ်ဖီထုပ်မပါဘဲ ရောင်းနေတာတွေရှိတယ်။ ကြက်ဥဈေးက ကားလမ်းမပိတ်ခင်က တလုံး ၄၅ဝ၊ အခုက ကျပ် ၅၅ဝ တက်လာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလလောက်ကလည်း မြိတ်-ထားဝယ်ကားလမ်း ၁၄ ရက်ကြာ ပိတ်တဲ့အချိန်မှာ အခုလိုမျိုး ကုန်စိမ်းစျေးတွေ အဆမတန်တက်လာတဲ့ ပြဿနာတွေကို ကြုံခဲ့ရပြီး ကားလမ်းပြန်ဖွင့်ချိန်မှာတော့ ကုန်ဈေးနှုန်းတွေ ပြန်ထိုးကျသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတခေါက်မှာလည်း ကုန်ဈေးနှုန်း ထိုးတက်နေပေမဲ့ အောက်တိုဘာ ၂၃ ရက်က ပိတ်မိနေတဲ့ကုန်ကားတွေ ပြန်လည်ထွက်ခွာလို့ရတဲ့အတွက်ကြောင့် ကုန်စျေးနှုန်း ပြန်ကျဖို့ မျှော်လင့်ကြောင်း မြိတ်မြို့ခံပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013