DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှု ရပ်တန့်ရန် အီးယူ တောင်းဆို
DVB
·
October 23, 2024
မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှု ရပ်တန့်ရန် အီးယူ တောင်းဆို
Donate to DVB

မြန်မာစစ်တပ်အနေနဲ့ လက်နက်အားကိုးနဲ့ နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေ စနစ်တကျ လုပ်ဆောင်နေမှုနဲ့  အရပ်သားပြည်သူတွေ များစွာ ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူတွေရဲ့ အိုးအိမ်အဆောက်အအုံတွေနဲ့ စားဝတ်နေရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ ဗုံးကြဲတိုက်ခိုက်နေမှုတွေကို ရပ်တန့်သွားဖို့ ဥရောပသမဂ္ဂ(အီးယူ ) က တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာ ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ Agenda Item 71 လူ့အခွင့်အရေးဆိုင်ရာ တတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးမှာ  အခုလို တောင်းဆိုခဲ့တာလို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အီးယူကြေညာချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေ မြင့်တက်လာမှုနဲ့ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး အီးယူအနေနဲ့ အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ပြောကြားထားပါတယ်။ 

ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းစွာ အဖြေရှာသွားဖို့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်တည့်မတ်သွားဖို့နဲ့ အကူအညီလိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ဘေးကင်းလုံခြုံစွာနဲ့ အပြည့်အဝ အဟန့်အတားမရှိ ရောက်ရှိရေးကို လမ်းဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

နောက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေရေးအတွက် ဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ မြန်မာ့အရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်တွေကိုလည်း အီးယူအနေနဲ့ ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) ဟာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့အတူ လက်တွဲပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေနဲ့ တခြား လူနည်းစုတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေနဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးတွဲ ဆုံးဖြတ်ချက်ကိုလည်း တင်ပြသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013