
မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက်ပင်လယ်ပြင်ဆီ အမျိုးအမည်မသိ ဒုံးကျည်ပစ်ခတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဩဂုတ် ၆ ရက်မှာ ပြောပါတယ်။
ဂျပန်အစိုးရဘက်ကတော့ ပြုံယမ်းဟာ ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်ခြေရှိတဲ့ ပစ်ခတ်မှုတခုကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုဟာ အထီးကျန်နိုင်ငံ မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ၊ အမြောက်ဒုံးကျည်တွေနဲ့ တခြားဗျူဟာမြောက်လက်နက်တွေ အပါအဝင် ဒီနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ စမ်းသပ်ပစ်ခတ်မှု စီးရီးစ်တွေရဲ့ နောက်ဆက်တွဲပဲ ဖြစ်ပါတယ်။
လောလောလတ်လတ် ဇွန်လကုန်ပိုင်းက အတည်ပြုနိုင်ခဲ့တဲ့ နောက်ဆုံး လက်နက်စမ်းသပ်မှုမှာတော့ အဆင့်မြှင့်ထားတဲ့ ၂၄၀ မီလီမီတာ ဘက်စုံပစ်လွှတ် မာတီပယ်-လောင်ချာ ဒုံးပျံစနစ်၊ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ၁၅၅ မီလီမီတာ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ ဟောင်ဝစ်ဇာအမြောက်တွေ ပါဝင်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းက ဖော်ပြထားပါတယ်။
Source: Reuters










