DVB Logo
Home
မြန်မာသတင်း
စပါးတင်း ၁၀၀ အခြေခံရည်ညွှန်းဈေး ကျပ် ၉ သိန်းခွဲ သတ်မှတ်
DVB
·
October 21, 2024
စပါးတင်း ၁၀၀ အခြေခံရည်ညွှန်းဈေး ကျပ် ၉ သိန်းခွဲ သတ်မှတ်
Donate to DVB

လက်ရှိ ၂၀၂၄ မိုးစပါးနဲ့ ၂၀၂၅ နွေစပါးရာသီအတွက် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအဖြစ်   စပါးတင်း ၁၀၀ ကို ကျပ် ၉ သိန်းခွဲနှုန်းနဲ့ စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ စပါးတင်း ၁၀၀ အခြေခံဈေးနှုန်းက အခုလို မိုးသည်းသည်းမှာ စပါးရိတ်သိမ်းရတဲ့ တောင်သူတွေအတွက် တဧက တင်း ၅၀ သာရပြီး အထွက်နှုန်းတွေ ကျဆင်းလို အကျိုးအမြတ်မရှိတဲ့ဈေးနှုန်း ဖြစ်နေတယ်လို့ ခရမ်းမြို့နယ်မှာ စပါးရိတ်သိမ်းနေတဲ့ တောင်သူတယောက်က ပြောပါတယ်။ 

“ရိတ်ခတွေအပါ ကျပ် ၇ သိန်း၊ ၈ သိန်းလောက် ကုန်တယ်။ နေ့စားကလည်း တနေ့ ကျပ် တသောင်းခွဲနဲ့တောင် ငှားလို့မရဘူး။ အိတ်ပြတ်တွေပေးရတာ။ လှည်းတိုက်ခတင် တအိတ်ကို ကျပ် ၂,၀၀၀။  ၂ ဧကမှ စပါး ၁၀၀ လောက်ရတော့ ကျနော်တို့အဖို့ သိပ်မကျန်ဘူး။”

အခြေခံရည်ညွှန်းစပါးဈေးက ကြမ်းခင်းဈေးသာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်တယ်လို့ ပြောဆိုထုတ်ပြန်ကြပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက ဆန်စပါးကုန်သည်တွေကို ဖမ်းဆီးထောင်ချပြီး ဆန်ဈေးနှုန်းတွေကို ကန့်သတ် ထိန်းချုပ်ထားပြီးတဲ့နောက် စပါးတင်း ၁၀၀ အတွက် ကုန်ကျစရိတ်နဲ့ မကာမိတဲ့ အခြေခံရည်ညွှန်းစပါးဈေးကို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

လတ်တလော တောင်သူအများစု စိုက်ပျိုးကြတဲ့ ဧည့်မထအုပ်စုဝင် ဆန်ကြမ်း စပါးဈေးကွက်ပေါက်ဈေးက တင်း ၁၀၀ ကို ကျပ် ၁၆ သိန်းဝန်းကျင်ရှိပြီး တဧက ကုန်ကျစရိတ်က ကျပ် ၈ သိန်းဝန်းကျင် ရှိပါတယ်။

လတ်တလော မိုးစပါးရိတ်သိမ်းချိန်မှာ တိုင်းနဲ့ပြည်နယ်အားလုံးနီးပါး မိုးရွာသွန်းနေပြီး အလေအလွင့်တွေကြောင့် စပါး ၂ ဧက စိုက်ပျိုးမှ တင်း ၁၀၀ သာ ရရှိလာမှာဖြစ်ပြီး အဲဒီ စပါးတင်း ၁၀၀ အတွက် ကုန်ကျစရိတ်က ကျပ် ၁၅ သိန်းဝန်းကျင် ရှိနေပါတယ်။

ဒါကြောင့် ပြင်ပစပါးဈေးကွက်ပေါက်ဈေးက ကျပ် ၉ သိန်းခွဲအောက် ကျလာရင် စစ်ကောင်စီက အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ မပါဘဲ ရေမစိုတဲ့အပြင် ခြောက်သွေ့ပြီး အစိုမှတ် ၁၄ နဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၉ သိန်းခွဲဈေးပေးဝယ်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၄ မိုးစပါးရာသီဟာ ယာဂီမုန်တိုင်း နောက်ဆက်တွဲ မြေပြိုရေကြီးမှုတွေကြောင့် စပါစိုက်ဧက ၈ သိန်းနီးပါး ပျက်စီးခဲ့လို့ တောင်သူတွေ နောက်တကြိမ် ထပ်မံစိုက်ပျိုးခဲ့ရတဲ့အတွက် စိုက်ပျိုးစရိတ်အရင်းအနှီးတွေ ပိုကုန်ကျခဲ့ရပါတယ်။

အဲဒီဘေးက လွတ်ကင်းခဲ့တဲ့ တခြား တိုင်းနဲ့ပြည်နယ်က လယ်တွေမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ရွာသွန်းခဲ့တဲ့ မုန်တိုင်းအစပျိုး လေပွေလှိုင်း မိုးတွေကြောင့် ရိတ်သိမ်းလက်စ စပါးတွေ အလေအလွင့် အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်ရပြီး ၂၀၂၄ မိုးစပါးရာသီဟာ တောင်သူတွေ အထိနာဆုံး စိုက်ပျိုးရာသီ ဖြစ်ခဲ့ပေမဲ့ အခြေခံရည်ညွှန်းစပါးဈေးကတော့ တောင်သူ အကျိုးအမြတ်မရှိတဲ့အပြင် စိုက်စရိတ်တောင် မရတဲ့ အရူးဈေးနဲ့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အခြေခံရည်ညွှန်းစပါးစျေးကို ၂၀၁၈ ခုနှစ်၊ မတ်လမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်သူလယ်သမားများ စျေးကွက်နစ်နာမှုမရှိအောင် ဦးဆောင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013