DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ထပ်မံသုတ်သင်လိုက်ပြန်တဲ့ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါ
DVB
·
October 19, 2024
အစ္စရေးက ထပ်မံသုတ်သင်လိုက်ပြန်တဲ့ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါ
Donate to DVB

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါကို ဂါဇာတောင်ပိုင်းက ရာဖာမြို့မှာ ဗုဒ္ဓဟူးနေ့က သုတ်သင်သတ်ဖြတ်လိုက်ပြီလို့ သိရတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဂါဇာတောင်ပိုင်း၊ ရာဖာမြို့မှာ ကင်းလှည့်နေတဲ့ အစ္စရေးတပ်ဖွဲ့တစ်ဖွဲ့က ဟားမာ့စ် စစ်သွေးကြွသုံးဦးနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ကြတယ်။ ဒီထိပ်တိုက်တွေ့မှုမှာ စစ်သွေးကြွသုံးဦးစလုံးကို သုတ်သင်နိုင်ခဲ့ပြီး  သတ်ဖြတ်ခံလိုက်ရတဲ့ စစ်သွေးကြွသုံးဦးအနက် တစ်ဦးဟာ သူတို့အလိုရှိနေတဲ့ ဟားမာ့စ်အဖွဲ့ ခေါင်းဆောင် ယာယာဆင်ဝါ ဖြစ်နေမှန်း အစောပိုင်းမှာ မသိခဲ့ကြဘူး။  

ဒီတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ စစ်သွေးကြွသုံးဦးအနက် တစ်ဦးဟာ အစ္စရေးက အလိုရှိနေတဲ့ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါနဲ့ ရုပ်ချင်းဆင်တူနေပြီး ဟုတ်မဟုတ် သိရှိဖို့ သူ့ရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်ယူပြီး အစ္စရေးကိုပို့၊ DNA တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ သေဆုံးသူဟာ "ယာယာဆင်ဝါ" ဖြစ်နေတာကို တွေ့ရှိလိုက်ကြတယ်။

ဒါကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ မနှစ်က အောက်တိုဘာ ၇ ရက် အစ္စရေးတိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့ ဟားမာ့စ်အဖွဲ့ခေါင်းဆောင် ယာယာဆင်ဝါကို အစ္စရေးတို့ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်။

ယာယာဆင်ဝါဟာ အစ္စရေးက အသည်းအသန်အလိုရှိနေတဲ့ ဟားမာ့စ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး မနှစ်က အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကစလို့ သူ့ကို သုတ်သင်ရှင်းလင်းနိုင်ဖို့ အစ္စရေးက ကြိုးစားနေခဲ့ပေမဲ့ တစ်နှစ်ကျော်ကြာလာတဲ့အချိန်ကျမှ ရှင်းလင်းနိုင်ခဲ့တာ ဖြစ်တယ်။

ဂါဇာစစ်ပွဲ တစ်နှစ်ကျော်ကာလအတွင်း အစ္စရေးဟာ ပါလက်စတိုင်း ဟားမာ့စ်ပြောက်ကျားအဖွဲ့ရဲ့ အဓိက ခေါင်းဆောင် ၂ ဦးကို သုတ်သင်ရှင်းနိုင်ခဲ့ပြီဖြစ်တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဟားမာ့စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို အီရန်နိုင်ငံမှာ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးတဲ့နောက် အခု စစ်ရေးခေါင်းဆောင် ဆင်ဝါကိုပါ သတ်ဖြတ်နိုင်ခဲ့တာဖြစ်တယ်။

ဟားမာ့စ်ခေါင်းဆောင်တွေ သေဆုံးသွားပြီဖြစ်လို့ ဂါဇာမှာ စစ်ပွဲတွေပြီးတော့မှာလားလို့ မေးခွန်းထုတ်နေချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမာ့စ်ခေါင်းဆောင် ဆင်ဝါ သေဆုံးသွားပေမဲ့ ဂါဇာမှာ စစ်ပွဲကြီး မပြီဆုံးသေးဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပြီး စစ်ကို ဆက်တိုက်ဦးမယ်လို့ ဆိုလိုက်တယ်။

ဆင်ဝါကို ဘယ်လိုခြေရာခံခဲ့သလဲ

ဆင်ဝါကို အစ္စရေး အသေရရှိလိုက်ပုံက ဒီတခါတော့ ထူးခြားတယ်ဆိုရမယ်။ မနှစ်က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်ပေါ်ပြီးချိန်ကစလို့ ယာယာဆင်ဝါဟာ ဂါဇာကမ်းမြောင်ဒေသ၊ မြေအောက်လှိုဏ်ခေါင်းတွေထဲမှာ သက်တော်စောင့်တချို့နဲ့ အတူ ကိုယ်ယောင်ဖျောက် လှုပ်ရှားသွားလာနေပြီး ဓါးစားခံတွေကို လူသားဒိုင်းကာအဖြစ် အသုံးချနေခဲ့တယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အစ္စရေးတောင်ပိုင်း၊ ရာဖာမှာ ကင်းလှည့်နေတဲ့ အစ္စရေးတပ်ဖွဲ့တစ်ဖွဲ့က ဟားမာ့စ်စစ်သွေးကြွသုံးဦးနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သုံးဦးစလုံးကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုတယ်။

ဒီသုံးဦးဟာ သာမန် ဟားမာ့စ်အဖွဲ့ဝင်တွေလို့ပဲ ထင်မှတ်ခဲ့ကြပေမဲ့ အဲဒီထဲက တစ်ဦးဟာ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါနဲ့ ရုပ်ချင်းအတော်ဆင်တူနေတာတွေ့ရတဲ့အတွက် လက်ချောင်းတစ်ချောင်းကို ဖြတ်ယူပြီး အစ္စရေးကိုပေးပို့ စစ်ဆေးခဲ့တယ်။ အဲဒီနောက် အလောင်းကို ထပ်မံစစ်ဆေးလိုက်တဲ့အခါမှာ သေဆုံးသူ စစ်သွေးကြွဟာ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါ ဖြစ်နေတာကို တွေ့ရှိလိုက်ရတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီရဲ့ ပြောကြားချက်အရ အစ္စရေးကင်းလှည့်တပ်ဖွဲ့တဖွဲ့ဟာ ရာဖာက အဆောက်အဦးပျက်တွေကြားမှာ စစ်သွေးကြွ သုံးဦးနဲ့ ရင်ဆိုင်တွေ့ရပြီး လိုက်လံရှင်းလင်းကြောင်း၊ သူတိုသုံးဦး လူစုကွဲသွားပြီးနောက် ဟားမာ့စ်ခေါင်းဆောင်လို့ မသိရသေးတဲ့ စစ်သွေးကြွတစ်ဦးကို တိုက်ပျက်တစ်ခုထဲမှာ တွေ့ရပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အစ္စရေးရဲ့ ဒရုန်းက ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ ဆင်ဝါရဲ့ နောက်ဆုံးလှုပ်ရှားမှုပုံရိပ်တွေကို တွေ့မြင်ကြရတယ်။ တိုက်ပျက်တစ်ခုရဲ့ ပထမထပ် ကြမ်းပြင်ပေါ်က လက်တန်းထိုင်ခုံတစ်ခုမှာ ဦးခေါင်းကို ဖုံးကွယ်ထားတဲ့ လူတစ်ယောက် ထိုင်နေပြီးအဲဒီလူဟာ ဒရုန်းကို တုတ်ချောင်းတချောင်းနဲ့ လှမ်းပစ်လိုက်တာကို ဗီဒီယိုမှာ တွေ့လိုက်ရတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခြင်း ခံလိုက်ရသူဟာ အစ္စရေးတို့ အလိုရှိနေတဲ့ ဟားမာ့စ်ခေါင်းဆောင် ယာယာ ဆင်ဝါဖြစ်မှန်း သိသွားကြပြီးတဲ့နောက်မှာတော့ ဝန်ကြီးချုပ် နေတန်ယာဟုက "မကောင်းဆိုးဝါးတစ်ကောင်ကို ကျနော်တို့ ရှင်းလင်း ပစ်လိုက်ပါပြီ။ ဒါပေမဲ့ ဂါဇာမှာ ဆင်နွှဲနေတဲ့ စစ်ပွဲကတော့ မပြီးဆုံးသေးပါဘူး" လို့ ပြောဆိုခဲ့တယ်။

တစ်နှစ်ကြာ ဂါဇာစစ်ပွဲမှာ ဟားမာ့စ်ခေါင်းဆောင်နှစ်ဦးအပါအဝင် မကြာမီက ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆာရဲလားကိုပါ အစ္စရေးက သုတ်သင်ရှင်းလင်းခဲ့ပြီဖြစ်တယ်။ ယာယာ ဆင်ဝါ သေဆုံးသွားပြီဖြစ်တဲ့အတွက် အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ ဒု-သမ္မတ ကာမာလာဟားရစ်တို့က ဒီအချိန်မှာ စစ်ပွဲပြီးဆုံးဖို့၊ စစ်ရပ်စဲဖို့ အချိန်တန်ပြီလို့ တိုက်တွန်းပြောဆိုပေမဲ့ နေတန်ယာဟုကတော့ ရည်မှန်းချက်မပြည့်ဝမချင်း စစ်ကို ဆက်တိုက်ဦးမယ်လို့ ဆိုနေတယ်။

CWM

Ref: How Israel Killed Hamas leader Sinwar in a chance encounter/ BBC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013