DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ထိုင်းနိုင်ငံ၏ ဆောင်ရွက်ချက်များကို အာဆီယံနိုင်ငံများ ထောက်ခံ
DVB
·
October 16, 2024
မြန်မာ့အရေး ထိုင်းနိုင်ငံ၏ ဆောင်ရွက်ချက်များကို အာဆီယံနိုင်ငံများ ထောက်ခံ
Donate to DVB

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူလက်ခံကြောင်း ထိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရတ်စ်ဂျာလိချန်ဒရာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်တဲ့ ဆွေးနွေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကြားဝင်စွက်ဖက်တာ ဒါမှမဟုတ် ဟန့်တားတာတွေ မရှိဘူးလို့ ဒုတိယဝန်ကြီး ရတ်စ်က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတရပ်ကို လာမယ့် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ထိုင်းနိုင်ငံက ဝင်ရောက်စွက်ဖက်နေတာလို့ ရှုမြင်လာနိုင်တဲ့ လေ့လာသုံးသပ်သူတွေရဲ့ စိုးရိမ်မှုတွေကို မစ္စတာရတ်စ်က အခုလို တုံ့ပြန် ဖြေရှင်းခဲ့တာလည်း ဖြစ်ပါတယ်။

ဂျနီဗာမြို့မှာ အောက်တိုဘာ ၁၃ ရက်ကနေ ၁၈ ရက်အထိ ကျင်းပနေတဲ့ IPU အစည်းအဝေးမှာ မြန်မာ့အရေးကို အရေးပေါ်ဦးစားပေး အကြောင်းအရာတရပ်အနေနဲ့ ဆွေးနွေးသွားရေး တွန်းအားပေးသွားမယ့် ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်မှာ ထိုင်းလွှတ်တော်က နိုင်ငံခြားရေးဌာနရဲ့ အမြင်သဘောထားကို တောင်းခံခဲ့ပြီးတဲ့နောက် မဲခွဲဆုံးဖြတ်ကာ လွှတ်တော်က သဘောတူညီခဲ့တာလို့ မစ္စတာ ရတ်စ်က ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် အခုလို အဆိုပြုချက်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဟာ မြန်မာ့အရေးမှာ တဖက်သတ် ဆောင်ရွက်နေတယ်ဆိုတဲ့ ယူဆချက်တွေ ရှိလာနိုင်ပြီး မြန်မာစစ်ကောင်စီနဲ့ အတိုက်အခံအဖွဲ့တွေ အကြား ကြားဝင်စေ့စပ်ပေးနေတဲ့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ သဘာဝပတ်ဝန်းကျင်စတဲ့ နယ်စပ်ဖြတ်ကျော် အရေးကိစ္စတွေ ကိုင်တွယ်ဖြေရှင်းရေးအပေါ်မှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံခြားရေးဌာနက သတိပေး ပြောကြားခဲ့တဲ့အကြောင်း၊ IPU မှာ တွန်းအားပေး အဆိုပြုသွားမယ့် မြန်မာဆိုင်ရာ အရေးပေါ် အစီအစဉ်ဟာ MFA တခုတည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ ထိုင်းဥပဒေပြုပုဂ္ဂိုလ် အားလုံးရဲ့ ပူးတွဲဆုံးဖြတ်ချက် ဖြစ်တဲ့အကြောင်းလည်း ပြောပါတယ်။

နောက်ပြီး မြန်မာ့အရေး ပြန်လည် ဖြေရှင်းနိုင်ရေးကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး သတိထား ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်ကြောင်း၊ အဲဒီလို တိုင်ပင် ဆွေးနွေးမှုတွေ မရှိဘဲ လုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ကြောင်း၊ မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ လက်ခံကျင်းပရေးကိစ္စ အပါအဝင် ထိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက သဘောတူ လက်ခံခဲ့ပြီးဖြစ်‌ကြောင်းလည်း ထိုင်းဒုဝန်ကြီးက ထပ်ပြီး ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ပြန်လည် ငြိမ်းချမ်းစေရေးနဲ့ ပတ်သက်ပြီး ယူကရိန်းနိုင်ငံကလည်း မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ် အစီအစဉ်တရပ်ကို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာ အဆိုပြုထားတယ်လို့ သိရပါတယ်။

ဂျနီဗာမြို့မှာ ကျင်းပတဲ့ ၁၄၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်နေပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013