DVB Logo
Home
မြန်မာသတင်း
အာရှလမ်းကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်
DVB
·
October 15, 2024
အာရှလမ်းကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းနဲ့ အောက်ဘိုတဲ လမ်းဟောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အောင်ဇေယျစစ်ကြောင်းနဲ့ ဘီလူးစစ်ကြောင်းတို့ ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး ၄ လကြာလုပ်ခဲ့ပေမဲ့ မအောင်မြင်ဘဲ  ပြန်လည်ဆုတ်ခွာသွားခဲ့ရာက စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတာကြောင့် နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

လက်ရှိမှာလည်း မြေပြင်နဲ့ ဝေဟင်ပစ်ကူ ရယူပြီး အောင်ဇေယျစစ်ကြောင်းအပြင် ဘီလူးစစ်ကြောင်းပါ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ မြေပြင် ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

“အခုဆိုရင် လေယာဉ်ကလည်း မနက်အစောကြီးတွေ ပတ်တယ်။ တညလုံး ပတ်တယ်။ ညနေစောင်း ပတ်တယ်။ နေ့တိုင်းပဲ။ လက်နက်ကြီးကတော့ ထုတာ ၂ ရက် ၃ ရက်ရှိပြီ။ သူတို့က သွေးတိုးစမ်းပြီး တိုးလာတယ်။ တိုးလာတဲ့အချိန် ဒီ(လမ်းဟောင်း)ဘက်က ပြန်ပြီးစော်လိုက်တော့ ပြန်ပြီးပြေးသွားတယ်။ အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ဒုံးကျည်နဲ့ပစ်တယ်။ ဗိုလ်ဒါဘောတို့ဘက်မှာ ချနေတယ်။ အဲဒီမှာ အောင်ဇေယျစစ်ကြောင်း ရှိမယ်။ ဘီလူးစစ်ကြောင်းရှိမယ်။ အဲဒီဘက်မှာ ၂ ကြောင်းထိုးနေတာ။”

ပြီးခဲ့တဲ့ ဒီဇင်ဘာကစလို့   ကော့ကရိတ်မြို့မှာ  စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ကော့ကရိတ်-မြဝတီလမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အာရှလမ်းပိုင်းကို အောက်တိုဘာ ၁၅ ရက်အထိ ဆက်လက် ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီရဲ့ မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့ အပါအဝင် မြို့ဟောင်း၊ တတန်ကူး၊ ဆင်ကုန်း၊ ကျောက်စရစ်ကုန်း စတဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်သူတွေအနေနဲ့ စိတ်ပူရတဲ့ စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

“ကော့ကရိတ်က ပြန်မနေသင့်သေးဘူး။  နေတဲ့သူတွေကလည်း နေနေတဲ့အပေါ်မှာ လေကြောင်းအန္တရာယ် လုံးဝစိတ်မချရဘူး။ မနေစေချင်ဘူး။ သူတို့ကတော့ သူတို့အခြေအနေအရ နေတယ်။ နယ်မြေက လုံးဝမအေးချမ်းဘူး။ သူတို့နေသာနေတာပဲ၊ စစ်ကြောင်းမဖြည့်တဲ့ အခြေအနေမှာလည်း အမြဲတမ်းကြားနေတာပဲ အသံက။ အခုလည်း ညတိုင်းလိုလို မအေးချမ်းပါဘူး။ စိတ်ပူရတဲ့ စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိတယ်။”

စက်တင်ဘာ ၂၄ ရက်က ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်း ပြန်လည်ဖွင့်လှစ်ဖို့   ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက်မရဘဲ အမြင်တွေ ကွဲလွဲခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်က စတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ အယောက် ၂၀ ကျော် ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013