DVB Logo
Home
မြန်မာသတင်း
တောင်းခမ်းတပ်နယ်တွင် နှစ်ဖက်တပ်များရင်ဆိုင်ထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
October 15, 2024
တောင်းခမ်းတပ်နယ်တွင် နှစ်ဖက်တပ်များရင်ဆိုင်ထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ချိတ်ဆက်နိုင်ပြီး စစ်ရေးအရ အရေးပါတဲ့ နောင်ချို့နယ်ရှိ တောင်းခမ်းတပ်နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နှစ်ဖက်တပ်တွေ ဆိုင်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနေ့တိုင်းပစ်နေသလို လေကြောင်းကနေ ရိက္ခာခဲယမ်း ဖြည့်တင်းနေတယ်လို့ ဒေသခံနဲ့ ရဲဘော်တွေက ပြောပါတယ်

တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် (TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ်လဆန်းပိုင်းမှာ တောင်းခမ်းရွာမှာအခြေစိုက်တဲ့ အမြောက်တပ်ရင်းတွေကို တိုက်ခိုက်နေတာ ၂ လ ကျော်လာပါပြီ။

အောက်တိုဘာ ဒုတိယပတ်ထဲမှာတော့ TNLA က သီပေါမြို့ကို အလုံးစုံသိမ်းပိုက်လိုက်တာကြောင့် ရှမ်းမြောက်နဲ့ ရှမ်းတောင်ကိုဆက်စပ်နိုင်ပြီး ပြင်ဦးလွင်အထိပါ ခြိမ်းခြောက်နိုင်တဲ့တောင်းခမ်းကို အပြီးသတ် ထိုးစစ်ဆင်တော့မယ်လို့ သုံးသပ်နေကြတာပါ။

ရဲဘော်တယောက်က  “ တောင်းခမ်းကတော့ လက်ရှိအထိကတော့ ဆိုင်ထားတဲ့ အနေအထားပဲဗျ။ အနီးအနားမှာတော့ လက်နက်ကြီးကျတာ၊ လေယာဉ်ဗုံးချတာတွေကတော့ နေ့တိုင်းလောက်ကို ရှိနေပါတယ်ဗျ။ စစ်ကူတက်တာမျိုးကတော့ မရှိဘဲ၊ ‌ထောက်ပို့လေယာဉ်နဲ့ ရိက္ခာခဲယမ်း တပ်ထဲချတာမျိုးတော့ရှိပါတယ်”လို့ ပြောပါတယ်။

တောင်းခမ်းရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂) နဲ့ သူ့လက်အောက်ခံ အမြောက်တပ်တွေ ဖြစ်ကြတဲ့ အမတ ၃၅၄၊ ၄၀၆ နဲ့ ၂၀၆ တပ်တွေအခြေစိုက်တာဖြစ်ပြီး TNLA က အမတ ၄၀၆ နဲ့ ၂၀၆ ကို ဩဂုတ်လ ၂၈ ရက်မှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တချို့နဲ့အဆက်အသွယ်ရှိတဲ့ နောင်ချိုဒေသခံအမျိုးသမီးတစ်ယောက်ကလည်း ဒီရက်ပိုင်းမှာတောင်းခမ်းဘက်ကနေ လက်နက်ကြီးသံတချို့ ကြားရတဲ့အပြင် အမတ (၂၀၆) နားက စခန်းကုန်းတစ်ခုကနေ ပူးပေါင်းတပ်တွေဘက်က ဆုတ်ခွာပေးလိုက်ရတဲ့အ ကြောင်းပြောပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်က “ သိမ်းပိုက်ထားပြီဆိုတာထက်၊ ၂၀၆ နဲ့ ၄၀၆ အဖွဲ့တွေက ၉၀၂ နဲ့ ၃၅၄ ကိုဆုတ်ခွာသွားနိုင်ခြေက ပိုများတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ TNLA အနေနဲ့ ၂၀၆ နဲ့ ၄၀၆ ကို ရှင်းလင်းရေးလုပ်ထားနိုင်တဲ့ အနေအထားမျိုးရှိဘူးလို့တော့ သုံးသပ်တယ်။ ဘာလို့လဲဆိုတော့ သူတို့သိမ်းပိုက်ပြီးပြီဆိုရင် ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ကြေညာလေ့ရှိတယ်ဗျ။ စခန်းကုန်းတစ်ခု ပြန်ရတယ်ဆိုတာကတော့ ဖြစ်နိုင်ခြေ တော်တော်နည်းတယ်ဗျ။ သူတို့အခု ၉၀၂ နဲ့ ၃၅၄ ထဲမှာပဲ လုံးဝ ခြေချုပ်မိနေတဲ့သဘောကို ဖြစ်နေတာပါခင်ဗျ”လို့ ပြောပါတယ်။

ဒါအပြင် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တပ်နေရာပြန်ချနေတဲ့အနေအထားမျိုးဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း တပ်ရင်းထဲကထွက်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ကြိုးစားပေဲ့ ဆက်လက် ပိတ်မိနေတဲ့အနေအထားလို့ သူကသုံးသပ်ပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ TNLA ပြောခွင့်ရသူဆီကို DVB က မေးမြန်းဖို့ကြိုးစားနေပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။

လတ်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တောင်းခမ်းရွာအနီးဝန်းကျင်မှာရှိတဲ့ရွာတွေထဲ လက်နက်ကြီးတွေ ကျရောက်တာရှိသလို လေယာဉ်နဲ့ပါတိုက်ခိုက်ခံရလို့ ဒေသခံအများစု စစ်ဘေးရှောင် နေရပါတယ်။ 

 စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013