DVB Logo
Home
မြန်မာသတင်း
မတ္တရာ၌ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များ အထိနာနေ​
DVB
·
October 14, 2024
မတ္တရာ၌ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များ အထိနာနေ​
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်​နေ​ပေမဲ့ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို PDF တွေက ဆက်လက်ထိန်းချုပ်ထားသလို စစ်ကောင်စီတပ်ထံကနေ လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတွေ ထပ်မံရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က “ဒီနေ့ထုတ်ပြန်ထားတဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေက အောက်တိုဘာလဆန်းကနေ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုဘယ်လောက်ရှိတယ်ဆိုတာနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ အတိအကျထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ကိုအော်စမွန်က ပြောပါတယ်။

MDY-PDF တာဝန်ခံတယောက်ကလည်း “သူတို့ဘက်က တန်ပြန်ထိုးစစ်တွေပြန်လုပ်တဲ့ ဒီလဆန်းပိုင်းကနေ အခုအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေကတော့ နေ့တိုင်းဖြစ်တယ်။ သိမ်းထားတဲ့တပ်စခန်းတွေကိုလည်း အခုထိ အပြည့်အဝ ထိန်းချုပ်ထားဆဲပါ။ တိုက်ပွဲတွေကနေ စစ်သားအလောင်းတွေနဲ့ လက်နက်တွေလည်း ထပ်ပြီး သိမ်းဆည်းရရှိတာတွေ ရှိပါတယ်။ အသေးစိတ်ကိုတော့ လုံခြုံရေးအရ ပြောလို့မရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာမက မြေပြင်စစ်ကြောင်းတွေကိုပါ အသုံးပြုပြီး နေ့စဉ်လိုလို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်နေပေမဲ့   သိမ်းပိုက်ရရှိထားတဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

MDY-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အခုလဆန်းပိုင်းကတည်းက မတ္တရာမြို့နယ်ထဲကို စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာတင်မကဘဲ လေကြောင်းကနေပါ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်တာတွေကို ဆက်တိုက်လုပ်လာနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ထဲက တန်ပြန်ထိုးစစ်တွေအတွင်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကို ပြောင်​ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့လည်း MDY-PDF ကပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်မှာ မတ္တရာမြို့နယ်အတွင်း စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဝေါစုကျေးရွာ၊ အောင်မင်္ဂလာသုခ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေ​ယာဥ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် သံဃာတော် ၃ ပါး အပါအဝင် ဒေသခံပြည်သူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွင်းကနေ စစ်​ကောင်စီတပ်ဘက်က လက်နက်မျိုးစုံ အလက် ၂၀ ​ကျော်၊ ဒရုန်းပစ်လက်နက် အပါအဝင် ခဲယမ်းမျိုးစုံတို့ သိမ်းဆည်းရရှိထားတယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လကုန်အထိ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၃၅ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013