
ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်ညီဟာ ထောင်ထဲမှာပဲ သူ ကွယ်လွန်လိမ့်မယ် ဆိုတာ ကြိုသိခဲ့တယ်လို့ သူ့ကိုယ်ရေးမှတ်တမ်းစာအုပ်မှာ ရေးသားထားခဲ့ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာ ထွက်ရှိမဲ့ Patriot (မျိုးချစ်)လို့ အမည်ပေးထားတဲ့ စာအုပ်ထဲက ကောက်နုတ်ချက်အချို့ကို New Yorker မဂ္ဂဇင်းက ကြိုတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။
နာဗယ်လ်ညီဟာ သမ္မတပူတင်ရဲ့ အပြင်းထန်ဆုံးနဲ့ အထင်ရှားဆုံး ဝေဖန်သူဖြစ်ခဲ့သလို ရုရှားနိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစဉ်တစိုက် လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။
အစွန်းရောက်အဖွဲ့တခုကို ကွပ်ကဲမှုအပါအဝင် စွဲချက်အများအပြားနဲ့ အာတိတ်ဒေသ အကျဉ်းစခန်းမှာ ထောင် ၁၉ နှစ် ကျခံနေရချိန် ဒီနှစ် ဖေဖော်ဝါရီလထဲမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ရုရှားအာဏာပိုင်တွေ လက်ချက်လို့ ယူဆရတဲ့ အဆိပ်ခတ်မှုနဲ့ကြုံပြီး အသက်မသေခဲ့ပေမဲ့ ကျန်းမာရေးပြန်ကောင်းလာတာနဲ့ ဂျာမနီကနေ ရုရှားကို ပြန်လာခဲ့တာကြောင့် အဖမ်းခံရပြီး ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိပ်ခတ်ခံရမှုကနေ သက်သာလာပြီးနောက်ပိုင်း သူ ထောင်မကျခင်မှာရော၊ ထောင်ထဲမှာပါ ရေးသားခဲ့တဲ့ စာအုပ်ကို အခုမှ တည်းဖြတ်ထုတ်ဝေတာ ဖြစ်ပါတယ်။
‘တသက်လုံး ထောင်ထဲမှာပဲ နေပြီး၊ ထောင်ထဲမှာပဲ သေရလိမ့်မယ်’ လို့ နာဗယ်လ်နီက ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။
သူနဲ့ အကျဉ်းကျဖက် ထောင်သားတွေ၊ ထောင်စောင့်တွေက မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းဖြစ်တဲ့ ‘ခင်ဗျား ဘာလို့ ရုရှားကို ပြန်လာတာလဲ’ ဆိုတဲ့ မေးခွန်းအတွက်အဖြေကိုလည်း သူ မကွယ်လွန်မီ တလအလိုက ရေးခဲ့တဲ့ စာထဲမှာ ဖြေရှင်းထားပါတယ်။
သူ့နိုင်ငံကို လက်မလျှော့ချင်လို့၊ သစ္စာမဖောက်ချင်လို့ ပြန်လာခဲ့တာလို့ ဆိုပါတယ်။ သူ့ကို အပြစ်ဒဏ်ချတာက တခုခု အဓိပ္ပာယ်ရှိတယ်ဆိုရင် အဲဒါကို ရင်ဆိုင်ပြီး လိုအပ်ရင် စွန့်လွှတ် စတေးရမယ်လို့ ရေးသားခဲ့ပါတယ်။
သီးသန့်အထားခံရ၊ အကျဉ်းချခံရပေမဲ့ နာဗယ်လ်ညီရဲ့ ဟာသဉာဏ်က ပျောက်မသွားခဲ့ဘဲ သူ ထောင်ဘယ်နှနှစ်ချခံရမလဲဆိုတာ သူ့ရှေ့နေတွေနဲ့ အလောင်းအစားလုပ်တဲ့ အကြောင်းကိုလည်း မှတ်တမ်းတင်ထားပါသေးတယ်။
အပြစ်ပေးတဲ့အနေနဲ့ ပူတင်ပုံအောက်က သစ်သားခုံတန်းမှာ နာရီပေါင်းများစွာ ထိုင်ခိုင်းထားတဲ့ ကိစ္စရဲ့ ကြောင်တောင်တောင်နိုင်မှုကိုလည်း နာဗယ်လ်နီက အရွှန်းဖောက်ထားခဲ့ပါတယ်။
နာဗယ်လ်ညီရဲ့ စာအုပ်ကို ဘာသာစကား ၁၁ မျိုးနဲ့ ပြန်ဆိုပြီးဖြစ်ပြီး ရုရှားမှာလည်း ပုံနှိပ်နိုင်အောင် လုပ်သွားမယ်လို့ ဇနီးသည် ယူလီယာ နာဗယ်လ်နာယာက ပြောပါတယ်။
Source-Reuters










