DVB Logo
Home
မြန်မာသတင်း
လူမျိုးရေးပဋိပက္ခတွေကို စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် အသုံးချနေ
DVB
·
October 12, 2024
လူမျိုးရေးပဋိပက္ခတွေကို စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် အသုံးချနေ
Donate to DVB

စစ်ကောင်စီက လူမျိုးရေးပဋိပက္ခတွေကို လက်နက်တခု၊ စစ်ပွဲတပွဲအဖြစ် သဘောထား လုပ်ဆောင်နေကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်တွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အမုန်းစကားနဲ့ ဝါဒဖြန့်မှုတွေကို အရှိန်မြင့်လုပ်ဆောင်လာတာကို စောင့်ကြည့် မှတ်တမ်းတင်ခဲ့ပြီး အောက်တိုဘာ ၅ ရက်က လူမျိုးရေးပဋိပက္ခတွေ စစ်အာဏာတည်မြဲရေးအတွက် မောင်းနှင်အားတရပ် ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာအရ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အမုန်းစကားနဲ့ ဝါဒဖြန့်မှုတွေကို အထူးသဖြင့် ရှမ်းမြောက်ဒေသနဲ့ ရခိုင်ဒေသတွေမှာ လူမျိုးရေး၊ ဘာသာရေး ပဋိ့ပက္ခကို ပိုမိုကြီးထွားလာစေဖို့ ရည်ရွယ်ပြီး စစ်အုပ်စုနဲ့ သူတို့ကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ အရှိန်မြင့် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့က နိုင်ငံရေးနဲ့ သုတေသနအကြံပေး ကိုမိုးထက်နေကတော့ စစ်အုပ်စုဟာ စစ်ရေးအရနဲ့ နိုင်ငံရေးအရ အရှုံးတွေကို ဖာထေးဖို့ ဒါမှမဟုတ် လမ်းကြောင်းလွှဲဖို့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ၊ အမုန်းတရားတွေ ပေါ်ပေါက်လာအောင် အစဉ်တစိုက်ကြိုးစားနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီလို စစ်အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို ကာကွယ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း သတိထားသင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့က နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက “တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျနော်တို့ ဒီနယ်မြေတွေကို သိမ်းပိုက်ပြီးတဲ့အခါ ဒါမှမဟုတ်ရင် နယ်မြေတွေမှာ အုပ်ချုပ်ရေး ထူထောင်တဲ့အခါမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ထိခိုက်နစ်နာမှုတွေ မရှိအောင်လို့ ကျနော်တို့ သတိထားသင့်တယ်။ လူမျိုးဘာသာ မခွဲခြားဘဲနဲ့ လူအားလုံးကြားမှာ ကျနော်တို့သည် တရားမျှတမှုတွေကို ပေးနိုင်ရမယ်။ နောက်တခါ လူအားလုံးအတွက် ကျနော်တို့က ကာကွယ် စောင့်ရှောက်တာမျိုးတွေ လုပ်နိုင်ရမယ်။ ဒီလိုမူဝါဒတွေလည်း ရှိဖို့လိုတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ ဘာကြောင့်လဲဆို‌တော့ တဖက်က ရှေ့က ပြောခဲ့သလိုပဲ စစ်တပ်သည် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်အောင် လူမျိုးအပေါ် အခြေခံတဲ့ အမုန်းတရားတွေ၊ ဘာသာရေးဆိုင်ရာ အမုန်းတရားတွေ ဖြစ်အောင် တလျှောက်လုံး သူတို့ ကြိုးစားနေတယ်။ ဒါကို လက်နက်တခုအနေနဲ့ စစ်ပွဲတပွဲအနေနဲ့ သူတို့ သဘောထားပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီဟာတွေကို အသိရှိရှိ၊ သတိရှိရှိ ကာကွယ်သွားဖို့ လိုတယ်ဆိုတာကို သိရှိရပါတယ်”လို့ ပြောပါတယ်။

ပလက်ဝဒေသက ပွတ်တိုက်မှုတွေကို အသုံးပြုပြီး စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး တယ်လီဂရမ် ချန်နယ်တွေကနေ အာရက္ခတပ်တော် AA၊ ရခိုင်လူမျိုးတွေနဲ့ ချင်းလူမျိုးတွေကြားသာမက ချင်းလူမျိုးစုအချင်းချင်းကြား လူမျိုးရေး ပဋိပက္ခတွေ ပိုမိုကြီးထွားလာစေဖို့ လုပ်ဆောင်ခဲ့ကြကြောင်းလည်း အစီရင်ခံစာက ဆိုထားပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင်ကတော့ အခုလို လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာအောင် စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်ကြောင့် လူ့အခွင့်အရေးတွေ ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။

Sisters 2 Sisters အဖွဲ့မှ မနှင်းသက်မှူးခင်က “အမုန်းစကားတွေ၊ သတင်းအမှားတွေ၊ ဒီလိုမျိုး ဝါဒဖြန့်တဲ့ဟာတွေပေါ့နော်။ အဲ့လိုမျိုး လူမျိုးစုတစုကို ဦးတည်ပြီး လုပ်တဲ့အခါမှာ ဒီလူမျိုးစုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အများကြီး ကြုံရတယ်ပေါ့နော်။ ဥပမာ ကျမတို့ သေးသေးလေးပဲ စပြီး ပြောရမယ်ဆိုရင် သူတို့ရဲ့ ဘာသာစကား၊ ဒီဘာသာစကားတွေ ပြောခွင့် မရှိဘူးဆိုတဲ့ဟာမျိုး ဖိနှိပ်ခံရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းတွေ၊ ဒါတွေ ဖိနှိပ်ခံရတယ်။ ဒီလိုမျိုးဟာတွေ ဖိနှိပ်ခံရတာတွေကနေ စပြီးတော့ စနစ်တကျ ဖယ်ကျဉ်ခံရတဲ့ အခြေအနေတွေ အများကြီး ရှိတယ်ပေါ့နော်။ ဥပမာ နယ်မြေသိမ်းခံရတာတွေ ကြုံနိုင်တယ်။ ပြီးရင် စစ်ပွဲတွေ ဖြစ်တယ်၊ စစ်ပွဲတွေ ဖြစ်တဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့နောက်မှာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ၊ ဒီလိုမျိုး အကူအညီတွေက လူမျိုးစု တစုကို မရတာမျိုး၊ အဲ့လိုမျိုး မရအောင်လို့ စစ်တပ်ကနေပြီးတော့ တားဆီးတာမျိုး၊ ဒါတွေလည်း ရှိတယ်”လို့ ပြောပါတယ်။

၂၀၂၄ ဖေဖော်ဝါရီလတုန်းက လူမျိုးရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ပြီး ရခိုင်လူမျိုးမုန်းတီးရေးစာသား တချို့ ရန်ကုန်နဲ့ မန္တလေးမြို့မှာ လိုက်ကပ်တာတွေကိုလည်း စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်မှာရှိတဲ့ လအိကျေးရွာရဲ့ တောင်ပေါ်မှာ တည်ထားတဲ့ စေတီတဆူက ဘုရားဆင်းတုတော်တွေ ဖျက်စီးခံခဲ့ရပါတယ်။

ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရတဲ့အပေါ် နိုင်ငံရေးနဲ့ ဘာသာရေး အဓိကရုဏ်းကို ဦးတည်စေဖို့အတွက် ဖန်တီးလုပ်ဆောင်နေတယ်လို့ ထင်မြင်ကြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် စစ်ဗျူဟာ အမှတ် ၁ နဲ့ အမှတ် ၈ တို့က အောက်တိုဘာ ၃ ရက်က  ထုတ်ပြန်ခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013