
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လုပ်နေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းရှိန်က အဲဒီဌာနမှဝန်ထမ်းတွေကို ဝါဒဖြန့်ပြောဆိုနေပါတယ်။
ဦးဝင်းရှိန်က အောက်တိုဘာ ၈ ရက်မှာ ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းတွေနဲ့တွေ့ဆုံစဥ် စစ်ကောင်စီနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေကို ဝါဒဖြန့်ပြောကြားခဲ့တာပါ။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စက်တင်ဘာ ၂၆ ရက်နေ့က နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်မှုများအပေါ် နိုင်ငံရေးပါတီ ၂၆ ပါတီမှ အပြည့်အဝထောက်ခံခဲ့ပြီး လူမှုအဖွဲ့အစည်းများကလည်း ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့တယ်” ဆိုပြီး ဦးဝင်းရှိန်က ပြောတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်အကြီးအကဲ (အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်) က ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ဝန်ထမ်းတွေအနေနဲ့ ပေးအပ်ထားတဲ့ ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒတွေ၊ အမိန့်နဲ့ညွှန်ကြားချက်တွေအပေါ် တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ လိုက်နာမှုမရှိသူတွေကို ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်ဖို့မှာ ကြားထားတယ်လို့ သူက ပြောပါတယ်။
ဦးဝင်းရှိန်က စစ်ကောင်စီအကြောင်း ဝါဒဖြန့်ပြောဆိုခဲ့ပေမဲ့ ဝန်ထမ်းတွေကိုတော့ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုပြီးလည်း သတိပေးမှာကြားခဲ့ပါသေးတယ်။
အဲဒီနောက်ဦးဝင်းရှိန်က ရွှေပြည်သာမြို့နယ်ရှိ Wei Hua၊ Shining Access၊ Startexနဲ့ Tough Way တို့ဆီ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
စက်ရုံကိုရောက်ချိန်မှာ လုပ်ငန်းခွင်ကိစ္စနဲ့ မဆိုင်တဲ့ စစ်ရေးအခြေအနေ၊ တော်လှန်ရေးကို စောင်းမြောင်းတဲ့ ပြောဆိုတာတွေလည်း လုပ်သွားခဲ့တယ်လို့ Tough Way အထည်ချုပ်စက်ရုံလုပ်သားတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရွှေပြည်သာမြို့နယ်သတင်းတွေကို ဖော်ပြနေတဲ့ Shwe Pyi Thar Informationရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
“ဌာနခေါင်းဆောင်တွေနဲ့ တွေ့သွားတယ်။ စစ်တပ်က ပြောင်းလာတဲ့ကောင်တွေဆိုတော့ ခက်ထန် ရိုင်းစိုင်းတယ်၊ ဆဲဆိုကြိမ်းမောင်းဖို့ပဲ နားလည်တဲ့ (မိုးကျရွှေကို)တွေ၊ တာဝန်နဲ့ ပြောသွားတဲ့ စကားတွေက တခြားစီ၊ နိုင်ငံရေးမဲလာဆွယ်တာလို့တောင် ထင်ရတယ်။ သူတို့အဘ (မအလ) က စိတ်ပျော့ညံ့ကြောင်း၊ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင် အခုချိန်ဆို သူတို့နိုင်နေပြီဖြစ်ကြောင်း၊ KIA, AA စသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ မကောင်းကြောင်း၊ တော်လှန်ရေးရဲဘော် (PDF) ကိုလည်း ပညာမဲ့လို့ တောခိုသွားတယ်တို့ပေါ့၊ ဒါတွေပဲ ပြောသွားတယ်လို့ သိရတယ်” လို့ ဖော်ပြထားပါတယ်။
ဦးဝင်းရှိန်မှာ စစ်တပ်မှအရာရှိဟောင်းတယောက်ဖြစ်ပြီး အရပ်သားအစိုးရလက်ထက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အလုပ်သမားဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအနေနဲ့ ခန့်ထားခဲ့တာဖြစ်ပါတယ်။