DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ စမွတ်စခွန်းတွင် မြန်မာထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးခံရ
DVB
·
October 10, 2024
ထိုင်းနိုင်ငံ စမွတ်စခွန်းတွင် မြန်မာထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းမြို့ထဲမှာ မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဥပဒေနဲ့မညီလို့ဆိုပြီး ဖမ်းဆီးခံနေရပါတယ်။

စမွတ်စခွန်းမြို့၊ ခုတ်ခမ်ရပ်ကွက်၊ နယ်မြေ ၄ ထဲမှာ တရားမဝင်ကုန်ပစ္စည်းတွေ ရောင်းချနေကြောင်း သတင်းပေးချက်အရ ထိုင်းနိုင်ငံ ဆေးဝါးနဲ့ အစားအစာကွပ်ကဲရေးဌာန၊ နယ်မြေခံ ကျန်းမာရေးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အဆိုပါရပ်ကွက်ထဲရှိ ဈေးဆိုင်ထဲ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့  ဆေးဝါးနဲ့အစာဌာန ဒုညွှန်မှူး ဝီရချိုင်းနွန်းချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါရပ်ကွက်ထဲရှိ ဆိုင် ၂ ဆိုင်ကနေ ထိုင်းဘာသာနဲ့ ရေးသားဖော်ပြခြင်းမရှိ၊ မှတ်ပုံတင်ထားခြင်းမရှိ၊ ကုန်ပစ္စည်းအညွှန်း (ပါဝင်ပစ္စည်း/သက်တမ်းကုန်ရက်စွဲ) စတာတွေမပါတဲ့ အစားအစာ၊ ဖြည့်စွက်အစာ၊ တိုင်းရင်းဆေးနဲ့ အလှကုန်ပစ္စည်းတွေ အမြောက်အမြား ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

“ကျဲမ်” အမည်ရှိ ပထမတဆိုင်ကနေ အစားအစာ ၅,၅၃၀ ထုပ်၊ မှတ်ပုံတင်မရှိတဲ့ ဆေးဝါးအမျိုးအစား ၁၂ မျိုး စုစုပေါင်း ၂,၄၀၁ ဘူး၊ တိုင်းရင်းဆေး ၃၆ မျိုး စုစုပေါင်း ၅,၄၃၅ ထုပ်၊ အလှကုန်ပစ္စည်းအတု ၁၃ မျိုး ၈၁၀ ဘူး၊ ခြင်နိုင်ဆေး ၅ မျိုး၊ ၁၅၆ ဘူး သိမ်းဆည်းရမိခဲ့ပါတယ်။

‘ပမွန်းကန်ခ’ ဆိုတဲ့ဆိုင်ကနေ အစားအစာ ၆ မျိုး စုစုပေါင်း ၁,၃၀၂ ထုပ်၊ မှတ်ပုံတင်မရှိ ဆေးဝါး ၂ မျိုး စုစုပေါင်း ၁၃၀ ဘူး၊ တိုင်းရင်းဆေး ၂ မျိုးမှ ၃၈၆ ဘူး၊ အလှကုန်ပစ္စည်း ၂ မျိုးမှ ၂၉ ဘူး၊ ခြင်နိုင်ဆေး တမျိုးမှ ဘူးပေါင်း ၇၀ တို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ စားသုံးသူများကာကွယ်ရေးဥပဒေအရ ခွင့်ပြုချက်မရဘဲ ဆေးဝါးရောင်းချက ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁၀, ၀၀၀ ဒါမှမဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ပါ ၂ မျိုးလုံး၊ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးရောင်းချက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၅,၀၀၀  ဒါမှမဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ပါ ၂ မျိုးလုံး ကျခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပါဝင်ပစ္စည်းနဲ့ အချိုးအစားတွေ ထိုင်းဘာသာနဲ့ ဖော်ပြထားခြင်းမရှိတဲ့ အစားအစာ ရောင်းချပါက ငွေဒဏ် ဘတ် ၃၀,၀၀၀ ဘတ်  ဒါမှမဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ပါ ၂ မျိုးလုံး၊  ခွင့်ပြုချက်မရတဲ့ ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချဖို့ သိုလှောင်ထားပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၃၀၀,၀၀၀ ဒါမှမဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ပါ ၂ မျိုးလုံး၊ ခွင့်ပြုချက်မရတဲ့ ဘေးဖြစ်စေတဲ့ ဆေးဝါးတွေ ရောင်းချက ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် ဘတ် ၅၀,၀၀၀ ကျခံရမယ်လို့ ဆိုပါတယ်။

အလားတူ ခွင့်ပြုချက်မရတဲ့၊ တုပထားတဲ့ အလှကုန်ပစ္စည်းတွေ၊ တိုင်းရင်းဆေးတွေ ရောင်းချပါက ထောင်ဒဏ်အနည်းဆုံး ၃ လမှ တနှစ်ထိ၊ ငွေဒဏ်အနည်းဆုံး ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ကျခံရမယ့် အက်ဥပဒေတွေ ရှိပါသေးတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်က တရားမဝင် ရွှေ့ပြောင်းလုပ်သားနှိမ်နင်းရေး စီမံချက် ရက်ပေါင်း ၁၂၀ ပြီးဆုံးကြောင်း ထုတ်ပြန်ရာမှာ ရွှေ့ပြောင်းလုပ်သားစီမံခန့်ခွဲရေး ဒုညွှန်မှူးကတော့ ခွင့်ပြုချက်မရတဲ့အလုပ်တွေ ဝင်လုပ်နေတာတွေလည်း ဆက်လက်စစ်ဆေးသွားမယ်လို့  ပြောပါတယ်။

အခုလို တရားမဝင်ပစ္စည်းတွေ ရောင်းချနေတာ တွေ့ရှိပါက နီးစပ်ရာ ဆေးဝါးနဲ့ အစာကွပ်ကဲရေးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနနဲ့ ရဲစခန်းတွေကိုရော အရေးပေါ်ဖုန်းလိုင်း ၁၅၅၆ ကိုပါ တိုင်ကြားနိုင်တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

Source/ Photo: Daily News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013