
ရုရှားက တိုက်ခိုက်နိုင်ခြေရှိတဲ့အတွက် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာနေတဲ့ မြန်မာနိုင်ငံသားတွေ အချိန်မီ ဘေးကင်းရာထွက်ခွာနိုင်ဖို့ အကူအညီတောင်းခံနိုင်တယ်လို့ ရုရှားနိုင်ငံ မော်စကိုအခြေစိုက် မြန်မာသံရုံးက မေ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဒါဟာ ရုရှားက ယူကရိန်းကို စပြီးတိုက်ခိုက်ခဲ့တဲ့ လေးနှစ်ကျော်အတွင်း ပထမဆုံးအဖြစ် စစ်တပ်သံရုံးက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ကို မဖိတ်ထားတဲ့ ရုရှားရဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ Victory Day အခမ်းအနားကို ဒီနေ့ မေလ ၉ ရက်နေ့မှာ မော်စကိုမှာ ပြုလုပ်တာပါ။
အဲဒီအခမ်းအနားကို ယူကရိန်းနိုင်ငံက တိုက်ခိုက်မယ်လို့ ကြေညာထားပြီး ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း တန်ပြန်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ကိယက်ဗ်ကနေ ထွက်ချင်တဲ့မြန်မာတွေ အကူအညီတောင်းနိုင်တယ်လို့ စစ်တပ် သံရုံးက ထုတ်ပြန်တာဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားနဲ့ ယူကရိန်းကြား မေ ၉ ရက်ကစပြီး သုံးရက်တာ အပစ်ရပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို ရုရှားက လက်ခံလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။










