DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်က ပစ်လိုက်သည့်လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
October 7, 2024
ဖားကန့်တွင် စစ်တပ်က ပစ်လိုက်သည့်လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့် ဆိုင်းတောင်တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး ဖားကန့်တပ်မကုန်းက လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်လို့ ဖားကန့်ကျောက်ဝိုင်းအတွင်း ကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသမီးတယောက် လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း ငြိမ်သက်နေခဲ့တဲ့ ဖားကန့်တိုက်ပွဲဟာ အောက်တိုဘာ ၆ ရက် ညက ပြန်တိုက်ပွဲပြင်းထန်လာခဲ့တာပါ။ အောက်တိုဘာ ၆ ရက် ည ၈ နာရီလောက်ကစပြီး ဆိုင်းတောင်ရွာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး ဖားကန့်တပ်မကုန်းကနေလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၇ ရက် မနက် ၆ နာရီလောက်က ဖားကန့်မြို့မရပ်ကွက် ကျောက်ဝိုင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဈေးဝယ်လာသူ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်မာရီ လက်နက်ကြီးစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“အခုဆိုရင် ဖားကန့်က ပြည်သူတွေက စစ်ကောင်စီရဲ့ အန္တရာယ်၊ လက်နက်ကြီးနဲ့ ပစ်တာတွေကို အားလုံးကြောက်နေရတယ်။ ဖားကန့်က ပြည်သူတော်တော်များများလည်း စစ်ရှောင်နေကြတယ်။ ဒီမနက် ၁၀ နာရီလောက်မှာလည်း မန ကနေ ဖားပြင်ဘက်ဆင်းတဲ့ လမ်းမှာ စစ်ကောင်စီက သေနတ်ပစ်သတ်လို့ ရာဇာဖြိုးဆိုတဲ့ ပြည်သူတယောက် သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စက်တင်ဘာ ၇ ရက်က စတင်ခဲ့တဲ့ ဖားကန့် ဆိုင်းတောင်တိုက်ပွဲကတော့ တလ ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ တလအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ၅၀ ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဖားကန့်မြို့တပ်မကုန်းက လက်နက်ကြီးတွေ ပစ်ကူနေတာ၊ လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူနေအိမ် ၄၀၀ ထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“စစ်ကောင်စီတပ်ရယ် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က ရှိသေးတယ်။ Lucky Men ဟိုတယ်ဘေးက KTV ပေါ့၊ အဲဒီမှာရှိသေးတယ်။ ဒီနေ့ဆို ဆိုင်းတောင်တိုက်ပွဲဖြစ်တာ တလရှိပြီ။ KTV နဲ့ Lucky Men ဟိုတယ်မှာက bunker (ကတုတ်ကျင်း) လို အခိုင်အမာ နေနေတာပေါ့။ အဲ့အဖွဲ့ကို KIA KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေတာ တလရှိပြီ။”

စက်တင်ဘာ ၁၉ ရက်ကစပြီး KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေက ဖားကန့်မြို့ပတ်လည်မှာ လုံခြုံရေးယူထားပြီး ဖားကန့်မြို့ထဲက တပ်မကုန်းကိုလည်း လက်နက်ကြီး၊ ဒရုန်းတို့နဲ့ သွားရောက်ပစ်ခတ်မှုတွေ ရှိနေတာပါ။

ဖားကန့်မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်တွေက ဒေသခံပြည်သူ ထောင်ချီဟာ စက်တင်ဘာ ၁၉ ရက်ကစပြီး မြို့စွန့်ခွာ တိမ်းရှောင်ခဲ့ကြတာပါ။

ဆိုင်းတောင်ဘက်ခြမ်းက စစ်ရှောင်ပြည်သူတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ ဆွေမျိုးအိမ်တွေအပြင် တောတောင် ယာခင်းတွေထဲမှာ တိမ်းရှောင်နေကြပြီး နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါး၊ သောက်ရေတို့ အရေးပေါ် လိုအပ်နေပါတယ်။

စက်တင်ဘာ ၁၂ ရက်က ဆိုင်းတောင်ရဲစခန်း လက်လွှတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ တပ်မကုန်းစခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေပြီး ဆိုင်းတောင်ရွာဘက်ခြမ်းကို လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာလည်း ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013