DVB Logo
Home
Lead Story
ဒုက္ခကို အဆုံးသတ်စေမဲ့သူတွေနဲ့ ဒုက္ခကို ဖာထေးရသူတွေရဲ့ ကွဲပြားတဲ့ တန်ဖိုးများ
DVB
·
October 6, 2024
ဒုက္ခကို အဆုံးသတ်စေမဲ့သူတွေနဲ့ ဒုက္ခကို ဖာထေးရသူတွေရဲ့ ကွဲပြားတဲ့ တန်ဖိုးများ
Donate to DVB

ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူနဲ့ ပရဟိတသမား ဘာကွာခြားသလဲ

ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်အစမှာ ယာဂီလို့ အမည်ပေးကြထားတဲ့ စူပါတိုက်ဖွန်းမုန်တိုင်းကြီး အဖျားခတ်ခံရတဲ့ မြန်မာနိုင်ငံမှာ မိုးရွာရေကြီး‌ရေလျှံမှုတွေ ဖြစ်ပေါ်ပြီး အိုးအိမ်တွေ၊ လမ်းတံတားတွေ အမြောက်အမြား ပျက်စီးခဲ့ရတာတွေအပြင်၊ ရေမြုပ်မြေပြိုမှုတွေပါ ဖြစ်ပွားခဲ့ရတာကြောင့် တနိုင်ငံလုံးမှ ပြည်သူခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးဟာ ရေလွှမ်းမိုးမှုကြောင့် ရေဘေးဒဏ်ခံခဲ့ကြရပြီး အရေးပေါ် အကူအညီလိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA) က စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီရေကြီးရေလျှံမှုကြောင့် အသက်ဆုံးရှုံးရသူ ၄၁၉ ဦး ရှိနေပြီလို့ လက်နက်အားကိုး အာဏာလုထားပြီး ကိုယ်တိုင် ဘာတာဝန်ခံမှုမှမရှိတဲ့ တာဝန်မဲ့ စစ်ဓားပြဂိုဏ်းက ထုတ်ပြန်ထားခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ချက်မှာတော့ သေဆုံးနဲ့ ပျောက်ဆုံးသူ ဦးရေ ၁၀၀၀ ကျော်အထိ ရှိလာပြီလို့ ဆိုပါတယ်။

ကလိမ်ကကျစ်နဲ့ စစ်ဘောင်းဘီချွတ်ပြီး သမ္မတရာထူးယူခဲ့တဲ့ သိန်းစိန်အစိုးရတက်မလာခင် နအဖ စစ်အာဏာသိမ်းအစိုးရ လက်ထက်အတွင်း ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်ဆိုက်ကလုံးမုန်တိုင်း ဘေးသင့်ပြီး ပြည်သူပေါင်း ၁ သိန်း ၃ သောင်းကျော်အသက်ဆုံးပါးလို့ ပြည်သူသန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တုန်းကလည်း စစ်အာဏာရှင်သန်းရွှေတို့ စစ်ဓားပြတသိုက်ဟာ မုန်တိုင်းသတင်း ကြိုတင်သတိပေးခြင်း မရှိခဲ့သလို ပြင်ဆင်ကာကွယ်ရွှေ့ပြောင်းမှုတွေ ထိထိရောက်ရောက်လုပ်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ မုန်တိုင်းဖြစ်ပွားပြီး အရေးပေါ်ကယ်ဆယ်‌ရေးနဲ့ ပြန်လည်ထူထောင်ရေးကို တာဝန်မဲ့တဲ့အပြင် သူတို့အာဏာတည်မြဲဖို့ စစ်ကျွန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ကိုပဲ ဇွတ်လုပ်ဖို့ အလွန်ယုတ်မာစွာ လာကူညီကယ်ဆယ်ကြတဲ့ ပြည်တွင်းပြည်ပက ပရဟိတအဖွဲ့တွေကို တားဆီးနှောင့်ယှက်တာ၊ ခွင့်မပြုတာတွေ ကျုးလွန်ခဲ့ကြပါတယ်။

အခုလည်း ယာဂီ တိုက်ဖွန်းမုန်တိုင်းဖြစ်ပွားခဲ့တော့ သမ္မတရူး မင်းအောင်လှိုင်ဟာလည်း ဒီပုတ်ထဲကဒီပဲမို့ သူ့ဆရာ အာဏာရူးသန်းရွှေလိုပဲ တာဝန်မဲ့ခဲ့တာပါပဲ။ အစိုးရတာဝန်ကို လက်နက်အားကိုးနဲ့ ဇွတ်လုယူထားပေမဲ့ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ စေတနာ တစိုးတစေ့မှ မရှိတဲ့အပြင် မသာအိမ်မှာ ဖဲရိုက်အမြတ်ထုတ်တတ်တာဟာ စစ်ဓားပြဂိုဏ်းရဲ့ မကောင်းဆိုးဝါးစိတ်ယုတ်ကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။

ဒုက္ခပင်လယ်ဝေနေသူတွေကို ကူညီဖေးမတဲ့ ပရဟိတအလုပ်ဆိုတာ မွန်မြတ်ပါတယ်။ လိုအပ်နေသူတွေ၊ ဆင်းရဲဒုက္ခ ကြုံနေသူတွေကို မိမိစွမ်းသလောက် ကိုယ်ကျိုးမဖက်ဘဲ တနိုင်တပိုင် ကယ်တင်ကြ၊ လိုအပ်တာကို ဖြည့်ဆည်းကြတယ်ဆိုတာ ကောင်းတဲ့မွန်တဲ့ အလုပ်ပါပဲ။ ဒါပေမဲ့ စစ်မှန်တဲ့ ပရဟိတသမားတွေရှိသလို ပြည်သူလူထုရဲ့ ရေဘေးဒုက္ခနဲ့ လုပ်စားကြတဲ့ ပရဟိတသမားတွေ၊ ဆင်ဖြူတော်မှီ ကြံစုပ်ဖို့ ခါတော်မီပေါ်လာပြီး ကိုယ်နာမည်ကြီးဖို့၊ ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်လာကြတဲ့ မိုးဦးကျဖားလို ပရဟိတတွေလည်း တစခန်းထလာကြတယ်။

တကယ်တော့ အစိုးရလုပ်ရမယ့်တာဝန်ကို အစိုးရအာဏာဇွတ်ယူထားသူတွေက ဝာာဝန်မယူတော့တဲ့အခါ ပရဟိတတွေက ကြားဝင်ပြီး အဓိကအပိုင်းမှာ တာဝန်ယူလာရတာဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း အာဏာရှင်အစိုးရက လုပ်တာပါ။ အားကိုးရာမဲ့ ပြည်သူလူထုရဲ့ ကရုဏာလှိုင်းစီးပြီး လတ်တလော ဒုက္ခဖြေလျှော့ပေးလာကြတဲ့၊ လိုအပ်မှုကို ကူညီလာကြတဲ့ ပရဟိတကို အားကိုးလေးစားတတ်တဲ့ သဘာဝကို အရေးကြုံရင် စစ်အာဏာရှင်စနစ်အတွက် အသုံးချဖို့ ကွက်ကျားမိုးရွာသလို လက်လှမ်းမီရာ ကူညီကယ်တင်တဲ့ ပရဟိတသမားတချို့ကို လူမွေးထားတဲ့ ရည်ရွယ်ချက်တွေလည်း ပါပါတယ်။

ဒီဆောင်းပါးမှာ အဓိကရေးပြချင်တာက စစ်အာဏာရှင်စနစ်ဆိုးကို ဖျက်သိမ်းပြီး အများပြည်သူဘဝ ရေရှည်လုံခြုံအေးချမ်းပြီး အကာအကွယ်ရဖို့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ကို တည်ဆောင်နေကြရာမှာ အသက်ဘဝတွေ စွန့်လွှတ်အနစ်နာခံ ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်‌နေတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေနဲ့ စစ်အာဏာရှင်တွေရဲ့ ဖန်တီးမှုနဲ့ တာဝန်မဲ့မှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ စစ်‌ဘေး၊ မီးဘေး၊ ရေဘေး၊ လေဘေး စတဲ့ ဘေးအမျိုးမျိုးတွေနဲ့ ရင်ဆိုင်ရပြီး ဆင်းရဲဒုက္ခရောက်နေရတဲ့ ပြည်သူလူထုရဲ့ ရှင်သန်‌ရေးဆိုင်ရာ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် ပရဟိတသမားတွေကြားမှာ တာဝန် ဘယ်လို ကွာခြားသလဲ၊ မတူတဲ့တာဝန်တွေကို ထမ်းဆောင်နေကြရတာကို သဲကွဲအောင် ရှင်းပြချင်ပါတယ်။

၁ (က) 

ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေရဲ့တာဝန်ဟာ သဘာဝဘေးအန္တရာယ်တွေ ကြုံလာတိုင်း နောင်မှာ အများပြည်သူတွေဟာ အခုလို မလိုအပ်ဘဲ အသက်မဆုံးရအောင် အားကိုးရာမဲ့ ဒုက္ခမရောက်အောင် ကြိုတင်ကာကွယ်ပေးနိုင်ဖို့ ရေရှည်ခံမဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေကြတာဖြစ်တယ်။

၁ (ခ)

ပရဟိတသမားတွေရဲ့ တာဝန်ကတော့ ဖြစ်လာတဲ့ ဘေးဒုက္ခတွေကြောင့် ပြည်သူလူထုလတ်တလော အရေးပေါ်လိုအပ်ချက်ကို ကူညီကယ်တင်ဖြည့်ဆည်းဖို့ လုပ်ဆောင်‌ရတာဖြစ်တယ်။

၂ (က) 

ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေရဲ့တာဝန်ဟာ ပြဿနာမဖြစ်ခင် (သို့) မီးမလောင်အောင် ကြိုတင်ကာကွယ်ရမယ့် အလုပ်တွေ (Preventive Actions) ကို ထမ်း‌ဆောင်ရသူတွေ ဖြစ်ပါတယ်။

၂ (ခ) 

ပရဟိတသမားတွေရဲ့တာဝန်က ပြဿနာဖြစ်ပြီး (သို့) မီးလောင်ပြီးမှာ ရေနဲ့ လိုက်ငြှိမ်းသတ်တဲ့အလုပ် (Corrective Actions) တွေကို ထမ်းဆောင်ရသူတွေ ဖြစ်ပါတယ်။

၃ (က) 

ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေရဲ့ တာဝန်ဟာ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်သူအစိုးရ တက်လာဖို့ အာမခံပေးနိုင်တဲ့ မှန်ကန်တဲ့စနစ် ပေါ်ထွန်းလာ‌အောင် တည်ဆောက်နေသူတွေ ဖြစ်ပါတယ်။

၃ (ခ) 

ပရဟိတသမားတွေရဲ့ တာဝန်က တာဝန်မဲ့ စစ်အာဏာရှင်‌စနစ်အောက်ထဲမှာ ဒုက္ခရောက်နေရတဲ့ ပြည်သူလူထုကို စစ်အာဏာရှင်တွေ ခွင့်ပြုသလောက် ဘောင်အတွင်းက ကွက်ကျားမိုး လက်လှမ်းမီရာ ကောက်သင်းကောက်လို့ စနစ်‌ဟောင်းရဲ့အ‌ပေါက်က ထွက်ကျလာတာကို ကူညီကယ်တင်ဖာထေးရသူတွေ ဖြစ်ပါတယ်။

၄ (က) 

ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေရဲ့ တာဝန်ဟာ တသက်တာလုံး အသုံးကျမဲ့ ငါးဖမ်းနည်းပေးသူတွေ ဖြစ်ပါတယ်။

၄ (ခ) 

ပရဟိတသမားတွေ လတ်တလော ဗိုက်ပြဿနာ ကူညီဖြေရှင်းဖို့ ဟင်းစားပေးသူတွေ ဖြစ်ပါတယ်။

ထပ်ရှင်းအောင်ရေးရရင် ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေဟာ ဒုက္ခတွေ မဖြစ်လာ‌အောင် တားဆီးသူတွေဖြစ်ပြီး၊ ပရဟိတသမားတွေဟာ ဒုက္ခရောက်လာမှ ကူညီကယ်တင် ဖာထေးရသူတွေ ဖြစ်တယ် ဆိုတာပါပဲ။ ဘယ်လိုပဲ တာဝန်နဲ့ တန်ဖိုးတွေ ကွဲပြားပါစေ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေရော၊ ပရဟိတသမားတွေဟာ စစ်မှန်ရိုးသားစွာ ပြည်သူလူထု အကျိုးစီးပွားကို တည်ဆောက်ကာကွယ် ကူညီဖြည့်ဆည်းကြဖို့ အလွန်အရေးကြီးပါတယ်။

နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေရော၊ ပရဟိတသမားတွေအားလုံးဟာ တိုင်းရင်းသား မိဘပြည်သူလူထုအပေါ် ဒုက္ခအဖုံဖုံကို ရက်စက်ယုတ်မာစွာ ဖန်တီး‌နေကြတဲ့ လက်သည်တရားခံ စစ်ဓားပြဂိုဏ်းရဲ့ အသုံးချခံမဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်ဆိုး ဆက်လက်အသက်ရှင်သန်အောင် အထောက်အကူမပြုဖို့ တော်လှန်ရေးသတိကြီးစွာထားကြရမှာဖြစ်သလို၊ မိဘပြည်သူများကလည်း ရေရှည်အကျိုးစီးပွား ကာကွယ်တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုနေကြတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေနဲ့ လတ်တလော ကူညီကယ်တင်မှု ပရဟိတသမားတွေ အားလုံးရဲ့တန်ဖိုးကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ပြီး လက်တွဲပူးပေါင်းကြဖို့ လိုပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တာဝန်မဲ့စစ်အာဏာရှင်‌တွေ ရှိနေသရွေ့ သဘာဝဘေးအန္တရာယ် ဒုက္ခတွေနဲ့ ကြုံလာတိုင်း ပြည်သူတွေဟာ ကူရာမဲ့ကယ်ရာမဲ့ အဖြစ်ဆိုးဘဝတွေနဲ့ အမြဲတမ်း ကြုံ‌နေကြရမှာပါပဲ။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေရော၊ ပရဟိတသမားတွေကြားက မတူကွဲပြားတဲ့ တာဝန်တွေဖြစ်တဲ့ ရေရှည်လိုအပ်ချက်ကို တည်ဆောက်ဖြည့်ဆည်းမှုနဲ့ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းမှုတွေကို ခွဲခြားတတ်ပြီး သူနေရာနဲ့သူ မှန်မှန်ကန်ကန် တန်ဖိုးထား အသိအမှတ်ပြုမှသာ ပြည်သူလူထုရဲ့ ရေဘေးဒုက္ခနဲ့ ထိခိုက်မှုကို အခွင့်ကောင်းယူပြီး နိုင်ငံတကာရဲ့ တရားဝင်မှုကို ဖြတ်လမ်းနည်းနဲ့ ကြိုးပမ်းလာမယ့် စစ်အကြမ်းဖက်ဂိုဏ်းရဲ့ လှည့်ကွက်ထဲ သက်ဆင်းမသွားမိစေဖို့ သတိပြုကြရမှာဖြစ်ပါတယ်။

ဆွမ်းဆန်ထဲ ကြွက်ချေးရောပါတတ်သလို မှန်ကန်ရိုးသားတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေနဲ့ ပရဟိတသမားတွေကြားမှာ မိုးဦးကျ စားဖားနိုင်ငံရေးသမားတွေ၊ ခါတော်မီလုပ်စား ပရဟိတသမားတွေရဲ့ လူမှုကွန်ရက်လိုင်းပေါ်မှာ အနှစ်သာရမပါတဲ့ ကရုဏာချူပြမှု ကိုယ်ထင်ပြလာမှု၊ အပေါစားပြကွက်တွေအပေါ် အချိန်မဖြုန်း အာရုံမထားဘဲ ရဲရင့်မှန်ကန်စွာ စနစ်သစ် တည်နေကြသူတွေ၊ ကွက်ကျားမိုးမဟုတ်တဲ့ ငါးဖမ်းနည်းပေးသူတွေကိုသာ တန်ဖိုးထား လက်တွဲရင်း ဟင်းစားပေးလည်းယူကြ အချင်းချင်းလည်း ကူကြပါ တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013