DVB Logo
Home
မြန်မာသတင်း
စပိန်ရထားသစ်ပြေးဆွဲ၊ ခရီးသည် အတက်အဆင်းအတွက် အဆင်မပြေ
DVB
·
October 4, 2024
စပိန်ရထားသစ်ပြေးဆွဲ၊ ခရီးသည် အတက်အဆင်းအတွက် အဆင်မပြေ
Donate to DVB

ရန်ကုန်-ပဲခူးလမ်းပိုင်း အစုန်-အဆန်ခရီးစဉ်မှာ စပိန်ရထားသစ်နဲ့ ပြေးဆွဲနေပေမဲ့ အတက်အဆင်း အဆင်မပြေတာကြောင့် ခရီးသည်တွေ အခက်ကြုံနေရပါတယ်။

ရန်ကုန်-ပဲခူး လမ်းပိုင်း အစုန်-အဆန် ခရီးစဉ်ကို စပိန်နိုင်ငံကနေ ဝယ်ယူထားတဲ့ လူစီးရထားတွဲ (Diesel Electric Multiple Units) အသစ် ၂ စီးနဲ့ အောက်တိုဘာ ၂ ရက်မှာ စတင်ပြေးဆွဲခဲ့ပါတယ်။

ရန်ကုန်-ပဲခူး လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ စပိန်နိုင်ငံထုတ် ရထားတွဲပေါ်ကို အရေးပေါ် သံလှေကားတွေနဲ့ အတက်အဆင်းပြုလုပ်ရတဲ့အတွက် ရထားခရီးသည်တွေ အခက်တွေ့နေကြတာပါ။

“ဒီရထားက ပလက်ဖောင်းနဲ့တက်ရတာ အဆင်မပြေဘူး၊ မြင့်တယ်။ ပလက်ဖောင်းထက်တောင်မှ မြင့်သေးတယ်။ RBE က ပလက်ဖောင်းပေါ်က လှမ်းတက်လို့ရတယ်။ တွဲပေါ်ရောက်တယ်။ အဲဒါကွာတယ်။”

ရထားစီးသူ ခရီးသည်တွေမှာ အရေးပေါ်သံလှေကားနဲ့ အတက်အဆင်း ပြုလုပ်နေရသလို ရထားမောင်းသူမှာလည်း ဘူတာစဉ်ရောက်တိုင်း ရထားကို တုန့်ကနဲမရပ်နိုင်ဘဲ သံလှေကားနဲ့ ရထားတံခါးပေါက် တည့်ဖို့ ရထားကို ရှေ့တိုးနောက်ငင် ပြုလုပ်ပြီး ချိန်ဆ ရပ်နေရပါတယ်။

ရန်ကုန်-ပဲခူး လမ်းကြောင်းမှာ စမ်းသပ်ပြေးဆွဲနေပေမဲ့ ဘယ်လမ်းကြောင်းမှာ အတည်တကျ ပြေးဆွဲမယ်ဆိုတဲ့ အစီအစဥ် အတိအကျ မရှိသေးဘူးလို့ ရထားဝန်ထမ်းတယောက်က ပြောပါတယ်။

“အခုကတော့ စမ်းသပ်တုန်းဆိုတော့ အခုဟာက ပရိုဂရမ်ကတော့ ဘာမှမဖြစ်သေးဘူး။  မီးရထားက သိတဲ့အတိုင်း နောက်နေ့ ပြောင်းရင်ပြောင်းမှာ။ ပေါ်လစီပေါ် လိုက်လုပ်နေကြတာကိုး။ Plan မရှိဘူး။ အခုလည်း ဒီအတိုင်းပဲ။ အဓိက သူတို့ခေတ်မှာ ဒါကို ဆွဲကိုဆွဲရမယ်ဆိုတော့ ဆွဲပေးတာပဲရှိတယ်။”

၂ နာရီကျော် ရထားခုတ်မောင်းချိန်ရှိတဲ့ ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ လတ်တလော ပြေးဆွဲနေတဲ့ စပိန်ရထားတွေက ရေအိမ်မပါရှိတဲ့အတွက် အဝေးပြေးခရီးသွားဖို့ကတော့ အခက်အခဲ ဖြစ်စေမှာပါ။ စပိန်ရထားတွဲတွေမှာ ရန်ကုန်မြို့ပတ်ဘူတာစဉ်တွေကို မြန်မာလိုဆိုင်းဘုတ်တွေ ချိတ်ဆွဲထားပါတယ်။

ဒီရထားသစ်မှာ ခရီးသည် ၈၀၀ ကျော်အထိ စီးနင်းနိုင်မှာဖြစ်ပြီး ခရီးစဉ်အစဆုံး ၁၄ ဘူတာရှိကာ ဘူတာ ၁၂ ခုမှာ ရပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

စျေးနှုန်းကတော့ ခရီးစဉ်တဝက်အတွက် လူတယောက်ကို ၁,၃၀၀ ကျပ်နဲ့ ခရီးစဉ် အစအဆုံးအတွက် ၂,၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။

စစ်ကောင်စီက မြို့ပတ်လမ်းကြောင်းထက် ပလက်ဖောင်းပိုနိမ့်တဲ့  ရန်ကုန်-ပဲခူး အဝေးပြေးလိုင်းမှာ စပိန်ရထားသစ်ကို စမ်းသပ်ပြေးဆွဲလာပြီး မြို့ပတ်လမ်းကြောင်းမှာ နိုဝင်ဘာလထဲ ပြေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပေမဲ့ အတိအကျထုတ်ပြန်ထားတာ မရှိပါဘူး။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013