
တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်တွေမြို့ကို စစ်ကောင်စီက ပြည်မဘက်က ရဲနဲ့ စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီးနောက် တိုက်ပွဲအတွင်း အရာရှိအပါအဝင် ၆ ယောက် ထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေတိုက်ပွဲမှာ အထိနာ ကျဆုံးမှုများပြီးနောက်ပိုင်း မတ် ၂၆ ရက်က ပြည်မဘက်က ရဲအင်အား တွေကို စစ်တွေမြို့ပေါ်က ရဲတပ်ရင်းတွေဆီကို ဖြည့်တင်းနေရာချပေးခဲ့တယ်လို့ စစ်တွေစစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ကျောက်ဖြူတို့၊ စစ်တွေတို့က အဓိက ရေလမ်းကိုပဲ သုံးတာများတယ်။ အင်အားဖြည့်ရင် သင်္ဘောကြီးတွေ သုံးတယ်။ ၂၆ ရက်နေ့က ညဘက်ရောက်တယ်၊ ရဲအင်အား ခန့်မှန်း ၄၀၀ ကျော်ထက်မနည်းဘူး။ ဆိပ်ကမ်းကတဆင့် မြို့ပေါ်က သက်ဆိုင်ရာ တပ်ရင်းတွေကိုပို့တယ်။”
ပြီးခဲ့တဲ့ မတ် ၂၆ ရက် ည ၈ နာရီလောက်မှာ ရန်ကုန်မြို့ကတဆင့် စစ်တွေမြို့ကို ပြည်တော်အေးသင်္ဘောနဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ လောက် ရောက်ရှိလာပြီး ရဲတပ်ရင်း ၃၆ နဲ့ ၁၂ တို့ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တွေ တပ်ရင်းထဲမှာရှိတဲ့ စစ်သားတွေကိုလည်း စစ်တွေမြို့ထဲကို လုံခြုံရေးယူဖို့နဲ့ စစ်ကြောင်းထိုးဖို့ အင်အား ဖြည့်တင်းထားတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။
“ပြည်မဘက်က ဖြည့်တာကတကြောင်း။ အရင်ကတည်းကရှိနေတဲ့ စစ်တပ်တပ်ရင်းထဲက ပြည့်သူစစ် မွတ်ဆလင်စစ်သားတွေနဲ့ တပ်သားတွေကိုလည်း မြို့ထဲကိုပို့နေတယ်။ မြို့တမြို့လုံး စစ်သားနဲ့ရဲအင်အားများလာတယ်။”
အခုအင်အားဖြည့်ထားတဲ့နေရာတွေကတော့ မြို့နဲ့အနီးစပ်ဆုံး ရဲတပ်ရင်း ၁၂ နဲ့ ၃၆ အပါအဝင် စစ်တွေတက္ကသိုလ်၊ လေယာဉ်ကွင်း၊ ကမ်းစပ်နေရာတွေမှာ အင်အားခွဲပြီး ဖြန့်ကြက်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တွေမြို့ ရွာဘို၊ ရွှေမင်းဂံ၊ ကျားမသောက် စတဲ့ကျေးရွောပတ်ဝန်းကျင်တွေမှာ မတ် ၂၄ ရက်က စတင်ပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြောင်း၊ မတ် ၂၇ ရက်မှာတော့ နှစ်ဖက်တိုက်ပွဲပိုမိုပြင်းထန်လာပြီး AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၃ လုံး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထဲ ကျရောက်ပေါက်ကွဲတဲ့အတွက် အရာရှိအဆင့် ၂ ယောက်အပါအဝင် ၆ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ည ၉ နာရီဝန်းကျင်မှာ AA ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်တွေ ၃ ခေါက်ကျတယ်။ မနက်မိုးလင်းတော့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတို့ ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။”
ဒါ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ရသေ့တောင်မြို့နယ် မူစဲကျွန်းနဲ့ စစ်တွေမြို့နယ် ရွာဘိုရွာ ပတ်ဝန်းကျင်တို့ကိုလည်း Y12 နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့ဟာ ပြည်နယ်အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတွေနဲ့ ပြည်နယ်လွှတ်တော်ရုံးလည်းတည်ရှိသလို စီးပွားရေးအချက်အချာကျတဲ့မြို့ဖြစ်ပြီး စစ်တွေမကျဆုံးစေဖို့ စစ်တပ်က အခိုင်အမာ ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးခန့်မှန်းသူတွေက ပြောဆိုနေကြပါတယ်။










