DVB Logo
Home
မြန်မာသတင်း
ဘုတလင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် ဖမ်းဆီးရမိ
DVB
·
October 1, 2024
ဘုတလင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ပျူရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက် နေ့ခင်းပိုင်းက ရတနာပုံတော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ဘုတလင် ဒေသခံတယောက်က “စစ်ကြောင်းက မနက်ခင်း အစောပိုင်းက ကူတော်ရွာနယ်မြေခံရဲစခန်းကနေ ထွက်လာတာ။ အဲတာကိုသိပြီး ပြည်သူ့ကာကွယ်ရေးတပ်က  စောင့်ပြီးတိုက်တာ။ တိုက်ပွဲဖြစ်တဲ့နေရာက စီပါရွာနဲ့ ကြက်သချောင်းရွာကြားမှာ တိုက်ပွဲစဖြစ်တာဗျ။ နေ့ခင်း ၂ နာရီထိုးတော့ မိထ္တီလာဘက်ကနေ ဂျက်ဖိုက်တာနဲ့ ၉ ပတ် ပတ်ပြီး ပစ်တယ်။ စစ်ကောင်စီ စစ်ကြောင်းကတော့ တကြောင်းလုံး အညံ့ခံတာတွေရှိတယ်။ အညံ့ခံတဲ့စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးပြီး ကားတွေနဲ့ ခေါ်သွားတာမြင်ရတယ်” လို့ ပြောပါတယ်။ 

ကူတော်ပျူရွာက ထွက်လာတဲ့ အင်အား ၈၀ လောက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ စီပါရွာနဲ့ ဆယ်ဝရွာကြားမှာ ထိတွေ့တိုက်ပွဲ အချိန် ၄ နာရီကြာဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဥ်နဲ့ လေကြောင်းကနေ ၇ ကြိမ်ပစ်ကူပေးခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။ 

"ပထမဆုံး ကျနော်တို့ တိုက်တဲ့ တိုက်ပွဲတွေမှာ အလံဖြူထောင်ပြီး အညံ့ခံခဲ့ကြတာ တွေ့ရပါတယ်။ တိုက်ပွဲမှာ သူတို့ရှုံးတဲ့အချိန် စစ်တပ်ဘက်က နှစ်ယောက် အလံဖြူထောင်ပါတယ်၊ ဆယ်ယောက်ကျော်က ကဆင့်ကလျားနဲ့ ထွက်ပြေးသွားကြတယ်။” 

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးခဲ့ပေမဲ့ မြေပြင်မှာ အရပ်သားထိခိုက်မှုမရှိဘဲ တိုက်ပွဲတွင်း စစ်သား ၂၀ ကျော် ဖမ်းဆီးမိခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်က ပြောပါတယ်။

"သူတို့ကို သုံ့ပန်းဥပဒေတွေနဲ့အညီ စောင့်ရှောက်ထားဖို့ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးကုခွင့်ပြုပေးပြီး လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားမှာပါ။” 

နှစ်ဖက်ထိတွေ့တိုက်ပွဲအချိန် ၄ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ကို ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက် ၄၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

ဘုတလင်မြို့နယ် စီပါရွာအနီး စစ်ကောင်စီစစ်ကြောင်းကို စစ်ကူနိုင်ဖို့ ဘုတလင်မြို့ကနေ ညနေ ၃ နာရီချိန်မှာ စစ်ကြောင်းတကြောင်း ထပ်မံထွက်လာနေတာကြောင့် ဘုတလင်မြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး စီပါရွာအပါအဝင် အနီးအနားက ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013