DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းအချက်အလက်များကို စစ်ကောင်စီက ဖိနှိပ်ရေးအတွက်သုံးမှာ  လူငယ်များ စိုးရိမ်
DVB
·
October 1, 2024
သန်းခေါင်စာရင်းအချက်အလက်များကို စစ်ကောင်စီက ဖိနှိပ်ရေးအတွက်သုံးမှာ  လူငယ်များ စိုးရိမ်
Donate to DVB

ဟန်ပြရွေးကောက်ပွဲအတွက် စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းအပေါ် အယုံအကြည်မရှိပေမဲ့ ကောက်ယူရရှိတဲ့ အချက်အလက်တွေနဲ့ အာဏာတည်မြဲရေးယန္တရားတွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်ရာမှာ အသုံးပြုလာမှာကို   စိုးရိမ်တယ်လို့  လူငယ်တွေက ပြောပါတယ်။ 

သန်းခေါင်စာရင်းကောက်ယူရရှိတဲ့ အချက်အလက်တွေကို စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေး၊ CDM ကျောင်းသား၊ CDM ဝန်ထမ်းတွေကို ဖိနှိပ်ရေးအစရှိတဲ့ အာဏာတည်မြဲရေးယန္တရားတွေမှာ အသုံးပြုလာမယ့်အပေါ် စိုးရိမ်တယ်လို့  ရန်ကုန်မြို့ခံ လူငယ်တယောက်က ပြောပါတယ်။

နိုင်ငံဝန်းမှာ ဒီကနေ့ အောက်တိုဘာ ၁ ရက်ကစပြီး စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေက  ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနေတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်းကောက်မှာကို စိုးရိမ်စရာမလိုဘဲ ပူးပေါင်းပါဝင်ဖြေဆိုဖို့ တိုက်တွန်းထားပြီး ရေဘေးသင့်လို့ ကယ်ဆယ်ရေးစခန်းရောက် နေသူတွေကိုပါ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး နေရပ်အမြန်ပြန်ပို့ဖို့ အမိန့်ပေးခဲ့တာပါ။

နိုင်ငံတဝန်း စစ်ဘေး၊ ရေဘေး စတဲ့ ဘေးအန္တရာယ်အမျိုးမျိုးခံစားနေရပြီး စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ အမြောက်အမြား ရရာနည်းနဲ့ ပြည်တွင်းပြည်ပကို ရှောင်တိမ်းနေကြချိန် အခုလို ကောက်ယူမယ့် သန်းခေါင်စာရင်းဟာ မှန်ကန်တဲ့ အချက်အလက်တွေ ရရှိနိုင်မယ့် အခြေအနေမရှိဘူးလို့ အများက ဝေဖန်နေကြပါတယ်။

စစ်ကောင်စီက ဟန်ပြရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ပြင်ဆင်တာဖြစ်သလို တဖက်မှာလည်း မြို့နယ်၊ ရပ်ကွက်ကျေးရွာတွေထဲ PDF တွေ၊ မြို့ပြတော်လှန်ရေးသမားတွေ ခိုအောင်းနေသလား၊ နယ်မြေခံမဟုတ်သူတွေ ဘယ်လောက်အထိ များနေသလဲ စတဲ့ သူလိုချင်တဲ့ အချက်အလက်တွေရရှိဖို့ သန်းခေါင်စာရင်းကောက်တာသာဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်တဲ့ လူငယ်တယောက်က ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုဟာ စစ်အာဏာရှင်သက်ဆိုးရှည်ရေးနဲ့ ပြည်သူလူထုကို စစ်ကျွန်ဇာတ်သွင်းဖို့ လုပ်တဲ့လုပ်ငန်းစဉ်သာဖြစ်တဲ့အတွက် ရရာနည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့ ရန်ကုန်မြို့ပြသပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုနန်းလင်းက တိုက်တွန်းပါတယ်။

စစ်ကောင်စီက သူကျင်းပမယ့် ရွေးကောက်ပွဲအတွက် ၂ဝ၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကောက်ယူမယ်လို့ ကြေညာခဲ့တာဖြစ်ပြီး ဒီမတိုင်ခင် စာရင်းကောက်မယ့်သူတွေကိုလည်း မြို့နယ်အလိုက် သင်တန်းတွေ ပေးတာ သန်းခေါင်စာရင်း စမ်းသပ်ကောက်တာတွေ လုပ်ဆောင်ခဲ့ ပါတယ်။

ဖူးအိအိနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013