DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကမ်းလှမ်းချက် အတုအယောင်ဖြစ်ဟု  တိုင်းရင်းသားတပ်နှင့်  PDF တုံ့ပြန် 
DVB
·
September 27, 2024
စစ်ကောင်စီကမ်းလှမ်းချက် အတုအယောင်ဖြစ်ဟု  တိုင်းရင်းသားတပ်နှင့်  PDF တုံ့ပြန် 
Donate to DVB

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ရွေးကောက်ပွဲ လမ်းကြောင်းမှာပါဝင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က အတုအယောင်သာဖြစ်ပြီး စစ်တပ်နိုင်ငံရေးက အပြီးထွက်သွားတဲ့ ကတိမျိုးပေးမှသာ တွေ့ဆုံဆွေးနွေး နိုင်မယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က တုံ့ပြန်လိုက်ပါတယ်။ 

ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့အတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး  ပါတီနိုင်ငံရေးလမ်းကြောင်း ဒါမှမဟုတ် ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့ညမှာ သတင်း ထုတ်ပြန်ပါတယ်။

တိုင်းပြည်ရဲ့ တရားဝင်အစိုးရမဟုတ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံရေးဆွေးနွေးမယ့်အခုလို ထုတ်ပြန်မှုမျိုးကို ထုတ်ပြန်လို့မရသလို ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဆွေးနွေးမှုတွေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ မရနိုင်ဘူးလို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂   ဦးအောင်ဆန်းမြင့်  ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးကနေ အပြီးတိုင်ထွက်ပြီး စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်မှာ ထားရမယ်ဆိုတဲ့ ကတိပေးဖို့လိုသလို စစ်တပ်နဲ့ဆွေးနွေးနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ ဘက်က တောင်းဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေးအပါအဝင် အချက် ၆ ချက်ကို လိုက်လျောဖို့လည်း လိုတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့အခုထုတ်ပြန်ချက်က နိုင်ငံတကာကနေ ထောက်ခံမှုမျိုးရအောင် အယောင်ပြ ဆောင်ရွက်ချက်သာဖြစ်ပြီး ရွေးကောက်ပွဲကနေတဆင့် နိုင်ငံရေး ထွက်ပေါက်ရအောင် လုပ်ဆောင်တဲ့သဘောမျိုးဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်သလို ပူးပေါင်းဆောင်ရွက်တဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးကိုမဆို အာဏာသိမ်းစစ်တပ်နဲ့ အပေါင်းအပါတွေအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်ဟာ အတုအယောင်သာဖြစ်ပြီး စိတ်ရင်းစေတနာအမှန်နဲ့ တိုင်းပြည်ပေါ်စေတနာထားပြီး တွေ့ဆုံဆွေးနွေးလိုတဲ့ စိတ်ဆန္ဒမျိုးရှိမနေဘဲ လက်ရှိနိုင်ငံရေးအပေါ် လှည့်ဖျားဖို့နဲ့ နိုင်ငံတကာက အသိမှတ်ပြုလာအောင် ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့မှာ စစ်ရေးအရ ရှုံးနိမ့်လာပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ရင်ဆိုင်နိုင်ဖို့ မလွယ်တော့မှန်းသိလာတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေ ကွဲပြဲသွားအောင် လုပ်ဆောင်မှုမျိုးဖြစ်တယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဦးကျော်ဇောက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို နိုင်ငံရေးအရဆွေးနွေးဖို့ဖိတ်ခေါ်ပေမယ့် ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ရေးသားဖော်ပြထားသလို စစ်ကောင်စီ ပြဋ္ဌာန်းထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ လည်း အကြမ်းဖက်အဖွဲ့ အစည်းတွေအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။

အဲဒီအပြင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊  ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့တွေကို စက်တင်ဘာ ၂ ရက်က အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက သတ်မှတ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

အောင်သူ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013