DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို ကူညီနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံများအား စစ်ရာဇဝတ်မှု ကြံရာပါ ဖြစ်မည်ဟု NLD သတိပေး
DVB
·
September 27, 2024
စစ်ကောင်စီကို ကူညီနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံများအား စစ်ရာဇဝတ်မှု ကြံရာပါ ဖြစ်မည်ဟု NLD သတိပေး
Donate to DVB

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းစွမ်းရည်မြှင့်တင်ဖို့ စစ်လက်နက်၊ ငွေကြေးနဲ့ နည်းပညာအကူအညီပေးနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေအနေနဲ့ လူမျိုး တုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ အလိုတူအလိုပါ ကြံရာတွေအဖြစ် သတ်မှတ်ခံရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၂၇  ရက် ဒီကနေ့ ကျရောက်တဲ့ NLD ပါတီတည်ထောင်ခြင်း ၃၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗဟိုအလုပ်ကော်မတီက  ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ် အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကိုလည်း မြေပြင်မှာ စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ၊ ဗုံကြဲတာတွေကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာကြောင့် အရပ်သားပြည်သူ များစွာ ထိခိုက်သေကျေ ပျက်စီးခဲ့ရတာကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်တွေအရ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တာတွေနဲ့ ငြိစွန်းနေတယ်လို့ NLD ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေမတည်မငြိမ်မှု၊ ကစဉ့်ကလျားဖြစ်မှုတွေနဲ့ ဒေသဆိုင်ရာ လုံခြုံရေးကို သိသိသာသာ ထိခိုက်လာစေမှုတွေကြောင့် နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ သံတမန်ရေးနည်းလမ်းနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျေးဇူးတင်အသိအမှတ်ပြုပေမဲ့ ပြည်သူလူထုရဲ့ စစ်မှန်သောဆန္ဒကို လျစ်လျူရှုပြီးတော့ ကျူးလွန်သူတရားခံဖြစ်တဲ့ စစ်ကောင်စီကို မျက်နှာသာပေး ချဥ်းကပ်အဖြေရှာနေမှုတွေက မြန်မာနိုင်ငံအကျပ်အတည်း ပြဿနာအတွက် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူပြုနိုင်မှာ မဟုတ်ဘူးလို့ NLD က ခိုင်မာစွာယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံ လေးပွင့်ဆိုင်ခေါင်းဆောင်တွေရဲ့ ဝီလ်မင်တင်ကြေညာချက်ပါ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်တန့်ရေး၊ မတရားသဖြင့် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ ဂျက်လေယာဥ်ဆီ အပါအဝင် စစ်ဘက်နဲ့ အရပ်ဘက်သုံးပစ္စည်းတွေ စစ်ကောင်စီ ဆီ စီးဆင်းမှုကို ကာကွယ်တားဆီးကြရေး စတဲ့ အချက်တွေပါဝင်တဲ့ နိုင်ငံတကာဆီ မေတ္တာရပ်ခံချက်ကို ကြိုဆိုပြီး အားလုံးပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဘူးလို့ ယုံကြည်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းနဲ့ နိုင်ငံတကာကိုလှည့်စားဖို့ ကြံစည် ဆောင်ရွက်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013