DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန်-အစ္စရေးနယ်စပ်တွင် ၂၁ ရက်ကြာ အပစ်ရပ်ရန် ကြေညာချက် ထုတ်ပြန်
DVB
·
September 26, 2024
လက်ဘနွန်-အစ္စရေးနယ်စပ်တွင် ၂၁ ရက်ကြာ အပစ်ရပ်ရန် ကြေညာချက် ထုတ်ပြန်
Donate to DVB

လက်ဘနွန်-အစ္စရေးနယ်စပ်မှာ ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ လိုကြောင်း အမေရိကန် အပါအဝင် မဟာမိတ်အဖွဲ့တွေက အဆိုပြုပါတယ်။

အစ္စရေးနဲ့ ဟစ်ဘိုလာကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့နောက်ပိုင်း ဂါဇာနဲ့ နယ်စပ်ဒေသတွေ မှာ  သံတမန်ရေးဆောင်ရွက်ဖို့ အရေးပေါ် ၂၁ ရက်အပစ်ရပ်ဖို့  ၁၂ နိုင်ငံပါဝင်တဲ့ မဟာမိတ်တွေက အဆိုပြုထားပါတယ်။ 

နယ်စပ်ဒေသတွေမှာ စစ်ပွဲဆင်နွှဲနေတာက လက်ဘနွန်နဲ့ အစ္စရေးပြည်သူတွေကို ထိခိုက် စေတာကြောင့် ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ လိုအပ်တယ်လို့  မဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။ 

အပစ်အခတ်ရပ်ရေး ကြေညာချက်မှာ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပယူနီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဆော်ဒီ၊ ယူအေအီး၊ ဗြိတိန်နဲ့ ကာတာနိုင်ငံတို့ ပါဝင်ပါတယ်။

ဒီကြေညာချက်ဟာ နူးယော့ခ်မှာ ပြုလုပ်တဲ့ ကုလအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံပြီးနောက် အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

“အဲ့ဒီဒေသရှိ နှစ်ဘက်စလုံးကပြည်သူတွေ သူတို့အိမ်ကို လွတ်လွတ်လပ်လပ်ပြန်ဖို့ သံတမန် ဆိုင်ရာ ဆောင်ရွက်ချက်တွေပြုလုပ်ဖို့ အချိန်ရောက်ပါပြီ။ စစ်ရေးတွေ တစတစပိုပြီး ကျယ်ပြန့် လာတဲ့အလယ်မှာ သံတမန်ရေးဆောင်ရွက်မှုတွေ မအောင်မြင်ပေမဲ့ ဒေသခံတွေအတွက် အပစ်ရပ်ဖို့ လိုအပ်ပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

လက်ဘနွန်နိုင်ငံမှာ စက်တင်ဘာ ၂၅ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅၁ ယောက် သေဆုံးပြီး ၂၂၃ ‌ယောက် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖီရာ့စ် အဘီယာ့ဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်းဒေသ ကျေးရွာတွေမှာ မနက်ကတည်းက တိုက်ခိုက်မှုအမျိုးမျိုးကို ခံနေရတာလို့ ဆိုပါတယ်။

စစ်ဒဏ်ကနေ ရှောင်ပြေးရသူတွေဟာ စခန်းတွေမှာ စာရင်းဇယားတွေအရ ၄၀,၀၀၀ လောက် ရှိမှာဖြစ်ပြီး ကယ်ဆယ်ရေးစခန်းတွေကို မသွားတဲ့သူတွေ အများကြီးရှိတယ်လို့လည်း ဆိုပါတယ်။

ဆွေမျိုးတွေဆီ သွားကြသူတွေ၊ အိမ်ငှားနေသူတွေ ရှိကြတာကြောင့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် သိန်းနဲ့ချီရှိမယ်လို့ အဘီယာ့ဒ်က ခန့်မှန်းထားပေမဲ့ တရားဝင် ကိန်းဂဏန်းတွေကို နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိမ့်မယ်လို့ ပြောပါတယ်။

ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ဟာ တဲလ်အဗစ်မြို့အနီးရှိ မော့ဆက် သူလျှိုအေဂျင်စီကို ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ရာမှာ ရန်သူနှစ်ယောက်ကြား ပဋိပက္ခ အရှိန်မြင့်လာခဲ့ပြီး အစ္စရေးဟာ စက်တင်ဘာ ၂၅ ရက်က လက်ဘနွန်မှာ သူ့ရဲ့လေကြောင်းတိုက်ခိုက်မှုကို ချဲ့ထွင်ခဲ့ပြီး ဒုံးကျည် တစင်းကို ပစ်ချခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ မော့ဆက်ဌာနချုပ်ကို ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်မှတ်ထားခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ အစ္စရေးအလယ်ပိုင်းရှိ တဲလ်အဗစ်မြို့တော်ဟာ စစ်ပွဲကာလ တနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ဘနွန်မှာ သေဆုံးသူဦးရေ မြင့်တက်လာပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရတာကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေဟာ တချိန်တည်းမှာပဲ အစ္စရေးရဲ့ ဂါဇာမှာ ဟားမတ်စ်ကို ဆန့်ကျင်တဲ့ စစ်ပွဲနဲ့ အပြိုင်ဖြစ်နေတဲ့ ပဋိပက္ခဟာ လျင်မြန်စွာ ပြင်းထန်လာမှာကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတို့ရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်ဖို့နဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ မြေပြင်စစ်ဆင်ရေးအတွက် နည်းလမ်းကို ပြင်ဆင်ဖို့ လက်ဘနွန်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း အစ္စရေးစစ်တပ် အကြီးအကဲက စက်တင်ဘာ ၂၅ ရက်မှာ တပ်ဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013