
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ ယာယီ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။
ဒီ ၄၈ နာရီ အပစ်အခတ်ရပ်စဲရေးဟာ တဖက်ကတောင်းဆိုလို့ လိုက်လျောခဲ့ရတာလို့ အပြန်အလှန် ပြောဆိုနေကြပါတယ်။
အပစ်အခတ်ရပ်စဲမှုဟာ အောက်တိုဘာ ၁၅ ရက် ဂရင်းနစ်စံတော်ချိန် ၁၃ နာရီ (ပါကစ္စတန်မှာ ည ၆ နာရီ၊ အာဖဂန်နစ္စတန်မှာ ညနေ ၅ နာရီခွဲ) မှာ စတင်မှာဖြစ်တယ်လို့ ပါကစ္စတန်ဘက်က အတည်ပြုပါတယ်။
ဒီတိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာပြန်ရပြီးနောက်ပိုင်း အစ္စလာမ္မစ် နှစ်နိုင်ငံအကြား အဆိုးဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သား တဒါဇင်ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ပါကစ္စတန်က ကန်ဒါဟာပြည်နယ်နဲ့ မြို့တော် ကဘူးလ်အထိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အာဖဂန်ဘက်က စွပ်စွဲထားပါတယ်။
ကဘူးလ်မြို့က စစ်ဘေးဒဏ်ရာရသူတွေကို ကုသပေးတဲ့ ဆေးရုံတခုတည်းကိုပဲ ဒဏ်ရာရသူ အယောက် ၄၀ နဲ့ သေဆုံးသူ ၅ ယောက် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
ပဋိပက္ခဟာ ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို အာဖဂန်နစ္စတန်က ခိုလှုံခွင့်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်ကနေ စတင်ခဲ့တာဖြစ်ပြီး တာလီဘန်တွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ပါကစ္စတန်စစ်တပ်ကသာ သတင်းမှားတွေ ဖြန့်နေသလို ISIS နဲ့ ပတ်သက်တဲ့ အဖွဲ့တွေ လက်ခံပေးထားပြီး အာဖဂန် မတည်ငြိမ်အောင် လုပ်ထားတာလို့ တာလီဘန်က တန်ပြန် စွပ်စွဲထားပါတယ်။
တိုက်ပွဲတွေကြောင့် အဓိကကုန်သွယ်ရေး နယ်စပ်ဂိတ်တွေကို ပိတ်ထားရပြီး ကုန်တင်ယာဉ်တွေ ရာနဲ့ချီ သောင်တင်နေပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့က စိုးရိမ်ကြောင်း အသီးသီး ထုတ်ဖော် ပြောကြားထားပါတယ်။
Source:Reuters










