DVB Logo
Home
မြန်မာသတင်း
အဓမ္မခိုင်းစေလျှင် တိုင်ကြားနိုင်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက် ဟန်ပြသက်သက်သာဖြစ်
DVB
·
September 25, 2024
အဓမ္မခိုင်းစေလျှင် တိုင်ကြားနိုင်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက် ဟန်ပြသက်သက်သာဖြစ်
Donate to DVB

အဓမ္မအလုပ်ခိုင်းစေမှုနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် တိုင်ကြားရေးယန္တရားကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဟန်ပြသက်သက်သာဖြစ်ပြီး ယုံကြည်စရာမရှိဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီက အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမူတွေကို အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားရေးယန္တရားနဲ့ ဆက်လက်ဖြေရှင်းဆောင်ရွက်နေတယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံက ၁၉၅၅ မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ရှိအချိန်အထိ လိုက်နာနေဆဲဖြစ်ပြီး အဓမ္မခိုင်းစေခံရသူတွေအနေနဲ့ ယုံကြည်စိတ်ချစွာ တိုင်ကြားနိုင်တယ်ဆိုပြီး ဖော်ပြထားတာပါ။

အဲဒီထုတ်ပြန်ချက်မှာ ဒီနှစ်ကုန်ပိုင်းပြုလုပ်ဖို့ရှိတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ အဓမ္မခိုင်းစေမှု ပြဋ္ဌာန်းချက်အမှတ် ၂၉ နဲ့ လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့် ILO ပြဋ္ဌာန်းချက်အမှတ် ၈၇ ကို ချိုးဖောက်တာနဲ့ ပတ်သက်လို့ အရေးယူမယ့် ဆုံးဖြတ်ချက်မထွက်ခင် စစ်ကောင်စီက ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုဟာ လုပ်ငန်းခွင်တွေထဲမှာတင် ရှိနေတာမဟုတ်ဘဲ အာဏာသိမ်း စစ်ကောင်စီ ကိုယ်တိုင်က ကျူးလွန်နေတာဖြစ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ဟာ အရေးယူခံရမှုကနေ လွတ်ကင်းစေရေး ဟန်ပြသာဖြစ်တယ်လို့အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

ILO နဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်သမားအရေးလှုပ်ရှားသူတယောက်က “စစ်ကောင်စီအနေနဲ့ အရေးယူခံရမယ့်အခြေအနေကနေ ရှောင်လွှဲနိုင်မလားဆိုပြီး ထုတ်တာပေါ့။ သူတို့ရဲ့ ထုတ်ပြန်ချက်အပေါ် ဘယ်သူမှ အယုံကြည်ရှိမနေဘူးဆိုတာသေချာတယ်။ ILO မှာလည်း ခိုင်မာတဲ့ သက်သေအထောက်အထားတွေရရှိထားတာဖြစ်လို့ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိူင်ဘူး” လို့  ပြောပါတယ်။

မြန်မာနိုင်ငံမှာ ILO ပြဋ္ဌာန်းချက်အမှတ် ၂၉ နဲ့ ၈၇ ချိုးဖောက်မှုရှိနေတာနဲ့ပတ်သက်လို့ ILO က ၂၀၂၂ မတ်လမှာ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ လေ့လာပြုစုတာတွေလုပ်ခဲ့ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းက ကော်မရှင်ရဲ့ တွေ့ရှိချက် အစီရင်ခံစာထွက်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ အဓမ္မခိုင်းစေမှူ ဆိုးရွားစွာရှိနေတာ၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်ခံနေရတာ မှန်ကန်ကြောင်း ဖော်ပြပါရှိခဲ့ပြီး အဲဒီတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ခုခံချေပဖို့ စစ်ကောင်စီကို ILO က အချိန် ၃ လပေးခဲ့ပေမဲ့ တုံ့ပြန်တာမတွေ့ရဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

ပြည်တွင်းအလုပ်သမားအရေးဆောင်ရွက်နေသူတယောက်က “လုပ်ငန်းခွင် အဓမ္မခိုင်းစေမှုအပြင် စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေထွက်လာပြီး အသက်မပြည့်သေးသူတွေပါ အတင်းစစ်မှုထမ်းခိုင်းတာမျိုးနဲ့ အဓမ္မခိုင်းစေမှုတွေက ဆိုးဆိုးရွားရွားဖြစ်လာတာ။ ဒါဟာ ကျနော်တို့ ကြုံဖူးတဲ့ သက်တမ်းတလျှောက် အဆိုးရွားဆုံးအခြေအနေလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ILO ပြဋ္ဌာန်းချက်တွေ ချိုးဖောက်တာတွေကြောင့် ၁၉၉၀ ဝန်းကျင်မှာ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးတာခံခဲ့ရဖူးပြီး အခုနောက်တကြိမ် အရေးယူခံရမယ့်အနေအထားနဲ့ နီးကပ်လာတာလို့လည်း လေ့လာသူတွေက ဆိုပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေက အရင်ကာလတွေထက် သာလွန်ဆိုးရွားတာကြောင့် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုမျိုးဖြစ်လာဖို့ မျှော်လင့်ရတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013