DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် သပွတ်ပင် ဆေးဖက်ဝင်
DVB
·
September 25, 2024
နွေဦးပြည်သူတို့အတွက် သပွတ်ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သပွတ်ပင် ဆေးဘက်ဝင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

သပွတ်ပင်ကို သိပ္ပံလို Luffa aegyptiaca လို့ ခေါ်ပြီး အင်္ဂလိပ်လို the sponge gourd, Egyptian cucumber နဲ့ Vietnamese luffa လို့ ခေါ်ကြပါတယ်။

သပွတ်ပင်မှာ အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ပရိုတင်း၊ riboflavin၊ ဇင့်၊ သီမင်း၊ သံ နဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ စတဲ့ အာဟာရသတ္တုဓာတ်တွေနဲ့ holocellulose, α-cellulose , lignin ,  ash စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတာ၊ ရောင်ရမ်းမှုကို ဆန့်ကျင်တာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ၊ အရေပြား ကျန်းမာရေးကို ထိန်းသိမ်းတာ၊ ကိုယ်အလေးချိန် ကျစေတာ၊ ဆံပင်ကို ကျန်းမာစေတာ စတဲ့ အာနိသင်ရှိပါတယ်။

သပွတ်သီးဟာ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်များတာကြောင့် ပြည့်ဝတဲ့ခံစားချက်ကို ဖြစ်စေပြီး အလွန်အကျွံစားချင်စိတ်ကို ထိန်းထားနိုင်တဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူပြုတဲ့အပြင် ဝမ်းမှန်စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးတာကြောင့် အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

သပွတ်သီးမှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် K စတဲ့ မရှိမဖြစ် ဗီတာမင်တွေ ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပြီး သွေးခဲတာကို ကူညီပေးတဲ့အပြင် အသားအရေ ကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။

သပွတ်သီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ် စတဲ့သတ္တုဓာတ်တေါကိုလည်း ထောက်ပံ့ပေးပြီး နှလုံးနဲ့ အရိုးကျန်းမာရေးကို ပံ့ပိုးပေးပါတယ်။

သပွတ်သီးမှာ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးတဲ့ flavonoid နဲ့ beta-carotene အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်အတွင်းအန္တရာယ်ရှိတဲ့ free radical တေါကို ပျက်ပြယ်စေကာ ဆဲလ်များကျန်းမာရေးကို မြှင့်တင်ပေးပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို အခြေအနေများကို လျှော့ချပေးပါတယ်။

သပွတ်သီးမှာ အင်ဆူလင်ကဲ့သို့ Peptide နဲ့ Alkaloid များ ပါ၀င်ပြီး သွေးနဲ့ ဆီးမှာ သကြားဓာတ်ပါဝင်မှုကို လျှော့ချပေးတာကြောင့် ဆီးချိုရောဂါရှိသူတွေ ကျန်းမာရေးဓာတ်စာအဖြစ် စားသောက်ပေးနိုင်ပါတယ်။

သပွတ်သီးဟာ အထူးသဖြင့် ပူပြင်းတဲ့ရာသီဥတုမှာ ရေဓာတ်ကို ပံ့ပိုးပေးတဲ့အပြင် ပိုတက်စီယမ် အပါအဝင် အီလက်ထရွန်ဓာတ်တွေ ပါဝင်လို့ ကိုယ်တွင်းအရည်ဓာတ်မျှတမှုကို ထိန်းသိမ်းပေးတာ၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာနဲ့ ကြွက်သားနဲ့ အာရုံကြော လုပ်ဆောင်မှုတေါကို ထောက်ပံ့ ပေးနိုင်ပါတယ်။

သပွတ်သီးကို နေ့စဉ်စားသောက်ခြင်းက  သွေးတွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် အသည်းကျန်းမာရေးကို မြှင့်တင်ပေးပြီး အရက်ကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပေးပါတယ်။ ဝက်ခြံကို ကင်းဝေးစေပြီး အရေပြားကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။

သပွတ်သီးဟာ ဆီးရွှင်ဆေးအာနိသင်ရှိတာကြောင့် ကျောက်ကပ်ကျန်းမာရေးကို မြှင့်တင်ပေးပြီး သွေးကိုသန့်စင်စေပြီး သွေးကြော ပိတ်ဆို့ခြင်းပြဿနာများကို လျှော့ချပေးနိုင်ပြီး ရောဂါများစွာကို ကာကွယ်ပေးပါတယ်။ ဆီးရောဂါများမှာ သပွတ်ရွက်/သီး ပြုတ်ရည် ၁ ဖန်ခွက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသားဝါခြင်းအတွက် သပွတ်သီး၊ အရွက်၊ အစေ့နဲ့ အသီးခွံခြောက်တို့မှ စတဲ့ တခုခုကို သတ္တုရည်/ပြုတ်ရည်/အမှုန့် ပြုလုပ်ပြီး ထန်းလျက်၊ ပျားရည်တို့နဲ့ ရောနှော စားသောက်ပေးနိုင်ပါတယ်။

သပွတ်သီးနဲ့ ခန္ဓာကိုယ်/မျက်နှာတို့ကို ပွတ်တိုက်ပေးခြင်းက အရေပြားဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။ သပွတ်သီးကို စားသောက်ပေးခြင်းက သွေးတွင်းမကောင်းတဲ့အဆီကို တားဆီးပေးတဲ့အတွက် ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။

ထိခိုက်ရှနာများ မှာ သပွတ်ရွက်သတ္တုရည် ကို သုတ်လိမ်းပေးနိုင်ပါတယ်။ လိပ်ခေါင်းရောဂါနဲ့ ဂရင်ဂျီနာတွေမှာ သပွတ်ခါးသီးပြုတ်ရည်နဲ့ ဖန်စိမ်ပြီး သပွတ်ခါးသီး သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။

သပွတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အသားအရေကို ချောမွေ့စေပြီး အရေးအကြောင်းများကို လျော့ချပေးကာ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပြီး ကျန်းမာနုပျိုစေပါတယ်။

သပွတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်B6၊ ဖောလိတ်နဲ့ ပိုတက်စီယမ်တို့က ဦးနှောက်လုပ်ဆောင်ချက်ကို ပံ့ပိုးပေးခြင်းနဲ့ စွမ်းအင်ဇီဝဖြစ်ပျက်မှုကို ပံ့ပိုးပေးပြီး ကျန်းမာတဲ့ သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ ကူညီပေးကာ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

သပွတ်သီးမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ်စ်တို့လို မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ ပါ၀င်ပြီး အရိုးနဲ့ သွားတွေကို သန်မာအောင် ထိန်းသိမ်းပေးနိုင်တာကြောင့် သပွတ်သီးကို ပုံမှန်စားသုံးခြင်းက အရိုးကျန်းမာရေးကို မြှင့်တင်ပေးပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

သပွတ်သီးမှာ ဘီတာကာရိုတင်း ကြွယ်ဝပြီး ဗီတာမင်အေအဖြစ်သို့ ပြောင်းလဲပေးကာ အမြင်အာရုံကောင်းမွန်စေခြင်းနဲ့ မျက်စိကျန်းမာရေးကို ထိန်းသိမ်းပေးတာကြောင့် အတွက်အသက်အရွယ်နဲ့ဆိုင်တဲ့ အမြင်မှုန်ဝါးခြင်း စတဲ့ မျက်လုံးဆိုင်ရာပြဿနာတွေကို ကာကွယ်ပေးပါတယ်။

သပွတ်သီး အသင့်အတင့်စားသောက်ခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းက ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အချို့ သပွတ်သီးနဲ့ ဓာတ်မတည့်သူများ သပွတ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ အလွန်အကျွံစားသောက်ခြင်းကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ သပွတ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နွေဦးပြည်သူတို့အတွက် သပွတ်ပင် ဆေးဖက်ဝင်